ခင်ပွန်း ကို သတ်တဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို အကွက်ချ စီစဥ်ပြီး ရဲလက်အပ်တဲ့ ကိုလံဘီယာသူ

0
176

ကိုလံဘီယာက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူကို သတ်သွားတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို လက်စားချေဖို့အတွက် သွေးဆောင်ဖြားယောင်းပြီး နှစ်အတော်ကြာ အနားမှာနေလို့ သက်သေတွေ စုစည်းကာ ရာဇဝတ်မှုပေါင်းများစွာနဲ့ ရဲလက်ထဲ အပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ အမျိုးသမီးဟာ ရဲတွေနဲ့ စစ်တပ်က မလုပ်နိုင်တဲ့ အရာကို ဇာတ်လမ်းဆန်ဆန် လုပ်ပြသွားပြီး လက်စားချေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ကို ကိုလံဘီယာနိုင်ငံ၊ ကော်ဒိုဘာပြည်နယ်က ရဲတပ်ဖွဲ့နဲ့ သတင်းထောက်တွေကပါ သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

အဖမ်းခံလိုက်ရတဲ့ ရူဘန် ဒါရီယို ဗီလောရီရား ဘာရီယို့စ် ဆိုသူဟာ စီရန်နာဂါ ဒဲ့ အို့ရို မြို့လေးမှာ ဘာသာရေးလိုက်စားပြီး လူတွေလေးစားရတဲ့ ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင်နေသူပါ။ နောက်ကွယ်မှာတော့ သူဟာ ဗဟိုအမေရိကနဲ့ အမေရိက ကို မူးယစ်ဆေးဝါးတွေ တင်ပို့နေတဲ့ ရာဇဝတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပြိုင်ဘက်တွေနဲ့ အတူ ပူးပေါင်းလုပ်ကိုင်ဖူးတဲ့ လူတွေကိုပါ လုပ်ကြံဖို့ အမိန့်ပေးလေ့ရှိပြီး သေနတ်နဲ့ ခဲယမ်းမီးကျောက်ကိုလည်း မှောင်ခိုလုပ်ပါတယ်တဲ့။

အဲလိုမျိုး လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ လူတွေထဲမှာ သူ့ကို ထောင်ထဲပို့မယ့်သူရဲ့ ခင်ပွန်းလည်း ပါသွားတယ်။ ခင်ပွန်းဆုံးပါးပြီးနောက် အဲအမျိုးသမီးဟာ ဘာရီယို့စ် ဆီ ချဉ်းကပ်ခဲ့ပြီး သူ့ကို ချစ်မိလာအောင် သွေးဆောင်ခဲ့ပါတော့တယ်။ ဘာရီယို့စ်လည်း သူ့ကို ယုံကြည်လာပြီး သူ့စီးပွားရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်ပြောခဲ့တယ်။

ဒီလိုနဲ့ သက်သေတွေ များလာတဲ့ တစ်နေ့မှာ ကိုလံဘီယာသူလေးဟာ မွန်တီရီးယားမြို့မှာ ဘာရီယို့စ်နဲ့ အခြား ရာဇဝတ်ကောင်တွေ အစည်းအဝေးလုပ်မယ့် နေရာကို ရဲတွေဆီ သတင်းပေးလိုက်တယ်။ အထူးစစ်ဆင်ရေးအဖွဲ့က ဘာရီယို့စ်ကို သွားရောက်ဖမ်းဆီးနိုင်ခဲ့ပြီး အဲစစ်ဆင်ရေးကို ကိုရိုနာ စစ်ဆင်ရေးလို့တောင် အမည်ပေးခဲ့တယ်။

ဘာရီယိုဟာ အခုလက်ရှိ အမှုပေါင်းများစွာနဲ့ ထောင်ဒဏ်ကို ဆယ်စုနှစ်များစွာ ချမှတ်ခံထားရတယ်။ ဒီလိုမျိုး အင်တာပိုကတောင် အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်ဆောင်ကို အကွက်ချပြီး ထောင်နန်းစံအောင် လုပ်နိုင်ခဲ့တဲ့ ကိုလံဘီယာက အမျိုးသမီးကတော့ တကယ်ကို ချီးကျူးစရာ ကောင်းလှပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here