ရွှေဈေးတည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်သူများအား ဖော်ထုတ်အရေးယူသွားမည်

0
225

မြန်မာ့ရွှေစျေးကွက်အတွင်း ရောင်းဝယ်နေသည့် ရွှေစျေးနှုန်းများအား တည်ငြိမ်မှုမရှိစေရန် လုပ် ဆောင်နေမှုများရှိနေသဖြင့် စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်မှ မတ် ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

မြန်မာ့ရွှေစျေးကွက်၏ ရွှေစျေးနှုန်းများအား တည်ငြိမ်မှုမရှိစေရန် ဈေးကစားနေသူများ၊ကောလဟလများကို လူမှုကွန်ယက်(Online)မှတဆင့်ထုတ်လွှင့်၍ ရွှေဈေးမတည်ငြိမ်အောင် ဆောင်ရွက်နေမှုများရှိသည်ဟု ဗဟိုဘဏ်၏ထုတ်ပြန်ချက်၌ရေးသားထားသည်။

မြန်မာ့ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကွက်၌ အရောင်းအဝယ်ပြုလုပ်သကဲ့သို့ စံသတ်မှတ်ထားသည့် အလေးချိန်တွက်ချက်မှု၊ရွှေသန့်စင်မှု အရည်အသွေးများ စနစ်တကျတွက်ချက်ထားမှုမရှိဘဲ မိရိုးဖလာတွက်နည်းများ၊အိမ်နီးချင်းနိုင်ငံ၏ နေ့စဉ်ဈေးနှုန်းများ၊ကမ္ဘာ့ရွှေဈေး၊အမေရိကန်ဒေါ်လာဈေး၊ ဘတ်ဈေး၊ ယွမ်ဈေး၊ Online တွင်ဖော်ပြသည့် ကောလဟလသတင်းများဖြင့် ရွှေဈေးနှုန်းကို အမျိုးမျိုးသတ်မှတ်နေကြသည်ကို တွေ့ရှိရသည်ဟု ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ကြပ်မတ်၊ထိန်းသိမ်းရေးကော်မတီအစည်းအဝေးမှ သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတက်လာမှုအပေါ်ကိုယ်ကျိုးအတ္တဖြင့် ဈေးကစားလိုသော ရည်ရွယ်ချက်ဖြင့် လူမှုကွန်ယက်၊ Online နှင့်ကောလဟလသတင်းများအသုံးပြု၍ မြှင့်တင်ရန်ကြိုးစားလာသည်ကိုတွေ့ရှိရသည်ဟု ဗဟိုဘဏ်၏ထုတ်ပြန်ချက်၌ရေးသားထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရွှေအား တင်သွင်းရောင်းချခြင်း၊တင်ပို့ရောင်းချခြင်းမရှိသဖြင့် မြန်မာ့ရွှေစျေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှင့်ဆက်စပ်မှုမရှိဟုလည်း ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့်မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတို့မှလည်း ကမ္ဘာ့ရွှေဈေးနှင့်မြန်မာ့ရွှေဈေးချိတ်ဆက်မှုမရှိကြောင်း မြန်မာနိုင်ငံ၏ ငွေဈေးပြောင်းလဲမှုမရှိကြောင်း၊ Online တွင် လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများသည်တရားမဝင်ကြောင်း အသိပေးထုတ်ပြန်မှုများပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here