ပို့ကုန်ရငွေများ သတ်မှတ်ရက်အတွင်း နိုင်ငံတွင်းရှိဘဏ်စာရင်းဝင်ရောက်စေရန် ကြပ်မတ်မည်

0
128

ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိသည့်ပို့ကုန်ဝင်ငွေကို သတ်မှတ်ရက်အတွင်း နိုင်ငံတွင်းရှိဘဏ်စာရင်း ဝင်ရောက်စေရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်တွင် နေပြည်တော်၌ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/ ၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူများအနေဖြင့် အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက် အတွင်း၌ လည်းကောင်း၊
အာရှနိုင်ငံများမှအပအခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း၌ လည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိကို ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းအဖွဲတို့မှ ပူးပေါင်းစိစစ်ကြီးကြပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်၊ UMFCCI ဒုတိယဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်း အမျိုးအစားအလိုက် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပို့ကုန်ရငွေသည် နိုင်ငံတော်အတွက်အဓိကနိုင်ငံခြားငွေဝင်ရောက်ရာ လမ်းကြောင်းဖြစ်သဖြင့် နိုင်ငံခြား ငွေကြေးဈေးကွက် တည်ငြိမ်စေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းများနှင့် ညွှန်ကြားချက်များကို သေချာစွာလိုက်နာမှသာ နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှု ပိုမိုချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here