ရွေးကောက်ပွဲ နည်းနာတစ်ခုတည်းကသာ နိုင်ငံ့အရေးကို ဆောင်ရွက်နိုင်ခြင်း မဟုတ်ဟု SNLD ပါတီ ပြော‌ရေးဆိုခွင့်ရှိသူပြော

0
107

ရွေးကောက်ပွဲနည်းနာတစ်ခုတည်းကသာ နိုင်ငံ့အရေးကို ဆောင်ရွက်နိုင်ခြင်းမဟုတ်ဘဲ  အခြားသောနိုင်ငံရေး မျက်နှာစာများတွင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောသည်။

SNLD ပါတီအနေဖြင့် မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ပါတီဝင်များ၏ ဆက်လက်ရပ်တည်ပိုင်ခွင့်နှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) ၏ မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ရွေးကောက်ပွဲ နည်းနာတစ်ခုတည်းကသာ နိုင်ငံ့အရေးကို ဆောင်ရွက်နိုင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ နိုင်ငံရေးမဟုတ်ဘဲ အခြားသောနိုင်ငံရေး မျက်နှာစာတွေမှာ ပါဝင်ဆောင်ရွက်နိုင်သေးတယ်ဆိုတာတော့ ဖြေကြားလိုပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

SNLD ပါတီအနေဖြင့် ပါတီမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ပါတီတွင်း ပါတီဝင်များ၏ စုဖွဲ့မှုမှာ ယခင်အတိုင်းဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် SNLD ပါတီဝင်များ အနေဖြင့်လည်း လူထုကို အကျိုးပြုသည့် လုပ်ငန်းများ ၊ ဒီမိုကရေအရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ပါဝင်ကူညီဆောင်ရွက်သွားနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

” ကျွန်တော်တို့ SNLD က ရွေးကောက်ပွဲနိုင်ငံရေး လောလောဆယ်မပါသေးဘူးဆိုပေမယ့် ကျွန်တော်တို့ ပါတီရဲ့ လုပ်ရန်ရှိ ကိစ္စတွေ အများကြီးကျန်ပါသေးတယ်။ ပါတီတွင်းမှာ ပါတီဖွဲ့စည်းပုံမြှင့်တင်ဖို့ ၊ ဒီမိုကရေစီဆိုင်ရာ ၊ ဖက်ဒရယ်ဆိုင်ရာ အသိပညာပေးဖို့ ၊ သုတေသနလုပ်ငန်းတွေလုပ်ဖို့ ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေမှာ ကူညီဖို့ ၊ နောက် လူထုကိုတိုက်ရိုက်အကျိုးပြုနိုင်တဲ့ အကူညီပေးရေး လုပ်ငန်း ၊ အကာကွယ်ပေးရေး လုပ်ငန်း စသဖြင့် လုပ်ချင်တယ်ဆိုရင် အများကြီး လုပ်နိုင်ပါတယ် ” ဟု ၎င်းက ဆိုသည်။

SNLD ပါတီအနေဖြင့် မတ်လ (၁၆) ရက်နှင့် (၁၇) ရက်တွင် ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အခက်အခဲ (၂) ခုကြောင့် ယင်းကဲ့သို့ ဆုံး ဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခက်အခဲများမှာ ဥပဒေအရ ပေးထားချက်ဖြစ်သည့် ရက်ပေါင်း (၆၀) အတွင်း ပါတီဝင်များ၏ ဆန္ဒသဘောထား ရယူရန် အခက်အခဲရှိခြင်း ၊ UEC အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်အချိန် အတိအကျ ပြောကြားခြင်း မရှိသေးခြင်းတို့ကြောင့် ပါတီမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးစိုင်းလိတ်၏ ပြောကြားချက်အရ သိရသည်။

နစကက အသစ်ပြဌာန်းလိုက်သည့် ပါတီမှတ်ပုံတင် ဥပဒေအရ နိုင်ငံရေးပါတီပါတီများအနေဖြင့် လာမည့် မတ်လ၂၈ ရက်နေ့အထိသာ မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်မည်ဖြစ်ကြောင်း သိရသည်။

ယခင်ဥပဒေအရ နိုင်ငံရေးပါတီ (၉၀) ကျော် ရှိခဲ့သော်လည်း လက်ရှိတွင် ပါတီ (၃၀) ဝန်းကျင်သာ မှတ်ပုံပြန်တင်ထားပြီး ယင်းထဲက ပြည်ထောင်စုတဝန်းလှုပ်ရှားမည့် ပါတီမှာ (၁၀) ပါတီအောက်တွင်သာ ရှိနေသေးကြောင်း UEC ကထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here