မြောက်ဥက္ကလာ ဓမ္မာရုံမှတ်တိုင်အနီးတွင် နေထိုင်သည့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးမှုဖြစ်ပွား

0
112

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ဓမ္မာရုံမှတ်တိုင်အနီး ၊ စိန်ခြယ်လမ်းတိုတွင် နေထိုင်သည့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယမန်နေ့ မတ်လ (၂၁) ရက် ညနေ (၃)နာရီ ဝန်းကျင်မှ စတင်ကာပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း ပျောက်ဆုံးသူ၏ဖခင်ဖြစ်သူထံမှ သိရသည်။

” မတွေ့သေးဘူးခင်ဗျ။ ခုမနက်စခန်းမှာအမှုဖွင့်နေတယ်။ ဟိုနားမှာ တွေ့တယ် ၊ ဒီနားမှာ တွေ့တယ်ဆိုတဲ့ သတင်းအစအနတော့ ရတယ်။ ဒါပေမဲ့ ပြန်မတွေ့သေးဘူး” ဟု ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူ ကိုကျော်သူရက ပြောသည်။

ပျောက်ဆုံးသွားသူမှာ ဓမ္မာရုံမှတ်တိုင်အနီး ၊ စိန်ခြယ်လမ်းတို ၊ အိမ်အမှတ် (၇၀) တွင် နေထိုင်သည့် အသက် (၁၇) နှစ်အရွယ် မဝင့်ကေခိုင်ဆိုသူဖြစ်ပြီး မတ်လ (၂၁) ရက် ညနေ (၃) နာရီဝန်းကျင်တွင် နေအိမ်မှ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ပျောက်ဆုံးသူမှာ စကားမပြောတတ်သည့်အပြင် အတက်ရောဂါလည်းရှိကြောင်းလည်း ဖခင်ဖြစ်သူ၏ပြောပြချက်အရ သိရသည်။

အဆိုပါ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ နီးစပ်ရာ မိတ်ဆွေအသိုင်းအဝိုင်းများနှင့် ရပ်ကွက်မှ ယမန်နေ့ ညပိုင်းကပင် မြောက်ဥက္ကလာပမြို့နယ်အတွင် လူဖြန့်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်တွေ့ရှိခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် မဝင့်ကေခိုင်သည် ယခင်က ယခုကဲ့ တစ်ယောက်တည်း ထွက်သွားလေ့ မရှိကြောင်းလည်း ဖခင်ဖြစ်သူက ပြောသည်။

” အရင်က အဲလို မရှိဘူး။ အပြင်ဘာညာ တစ်ယောက်တည်း သွားလေ့သွားထမရှိဘူး။ တော်တော် ရှားတယ်” ဟု ကိုကျော်သူရက ပြောသည်။

အဆိုပါ မဝင့်ကေခိုင်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ယနေ့ မတ်လ (၂၂) ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် လူပျောက်မှုဖြင့်အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် မဝင့်ကေခိုင်အား တွေ့ရှိပါက ဖခင်ဖြစ်သူ ကိုကျော်သူရ (ခ) နိုရာ တယ်လီဖုန်းနံပါတ် 0968 1426787,09793671899 ထံသို့ ဆက်သွယ်အကြောင်းကြားပေးရန် အကူညီတောင်းခံထားသည်။

ပြီးခဲ့သည့် ဖေ‌ဖေါ်ဝါရီ လကုန်ပိုင်းကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် (၁၃) နှစ်ဝန်းကျင်အရွယ် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here