ပြည်တွင်းရှိ စက်မှုဇုန် (၃) ခုတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်လုပ်ငန်းရှင်များကိုဖိတ်ခေါ်

0
125

ပြည်တွင်းရှိ ကျောက်ဖြူ၊ သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကပြောသည်။

ယနေ့ မတ်လ (၂၂) ရက်တွင် ပြုလုပ်သည့် တရုတ်(ချုံချင့်ပိရှန်း)-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ မြန်မာမှာ စီးပွားရေးဇုန်ကြီး သုံးခုဆောင်ရွက်နေတာရှိတယ်။ တစ်ခုက ကျောက်ဖြူစီးပွားရေးဇုန်ဖြစ်ပါတယ်။ အဲဒီဟာကလည်း အတော်အတန်ခရီးတစ်ခုကို ပေါက်ရောက်နေပြီလို့ သိရတယ်။ အဲဒီထဲမှာလည်းဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရပါတယ်။ သီလဝါစက်မှုဇုန်ရှိပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာ ဖြစ်ပါတယ်။ အဲဒီမှာလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေတဲ့ ကိစ္စတွေရှိပါတယ်။ အဲဒီထဲမှာလည်းတရုတ်ပြည်မှ ပုဂ္ဂိုလ်များဝင်ရောက်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်။ နောက်တစ်ခုက ထားဝယ်စီးပွားရေးဇုန်ဖြစ်ပါတယ်။ ထားဝယ်စီးပွားရေးဇုန်ကလည်းကျွန်တော်တို့ ဖွင့်လှစ်ထားတာရှိပါတယ်။ ဂျပန်နဲ့လည်း ဆောင်ရွက်ဖို့ရှိသလို၊ ထိုင်းနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့ရှိပေမယ့် လောလောဆယ်အားဖြင့်တော့ ဒီလုပ်ငန်းက နည်းနည်းရပ်တန့်နေတာဖြစ်ပါတယ်။ အဲဒါလည်း အကောင်အထည်ဖော်ပြီး ဆောင်ရွက်မယ်ဆိုရင် လူကြီးမင်းများ ဥပဒေနှင့်အညီ ညှိနှိုင်းပြီးတော့ တိုင်ပင်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတက်ရေးလုပ်ငန်းတွေကို လာပြီးတော့ဆောင်ရွက်နိုင်ရန် လက်ဦးမှုရယူနိုင်ပါသေးတယ်”ဟု ၎င်းက ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်ပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ (Belt & Road) စီမံကိန်းနှင့် များစွာဆက်စပ်မှုရှိနေသည့်အတွက် နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည်ဖြစ်ကြောင်းသိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိသော ဇုန်တစ်ခုဖြစ်သည့်အတွက် စံပြဇုန်အဖြစ် ရပ်တည်​နေသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော်လည်း တိုးတက်မှုများ မရှိခဲ့ကြောင်း၊ ယခင်က ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီကို Termination  ပြုလုပ်ထားပြီးဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here