ပြည်ပမှ သွင်းကုန်အားလုံးအတွက် ဆိပ်ကမ်းသို့ မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှသာ တင်သွင်းခွင့်ပြုမည်

0
219

အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှ တင်သွင်းမည့် ကုန်ပစ္စည်းအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ မတ်လ ၂၂ ရက်နေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

၂၀၂၃ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး အကောက်ခွန်သိုလှောင်ရုံထဲထည့်မည့် ကုန်ပစ္စည်းများအတွက် သွင်းကုန် လိုင်စင် ကြိုလျှောက်ထားရမည်ဖြစ်ကြောင်း၊ ယင်းအပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၈/ ၂၀၁၉ ဖြင့်ထုတ်ပြန်ထားသော အကောက်ခွန်သိုလောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လျောညီထွေမှုရှိစေရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ ဖြင့် သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်သိလှောင်ရုံသို့ထည့်သွင်းရန် တင်သွင်းလာသည့်ကုန်စည်များမှအပ ကျန်ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရဟု ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ၆ လဆိုင်းငံ့ထားမည်ဖြစ်ပြီး လိုအပ်ပါက သက်တမ်းတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ကုန်သွယ်မှုလုပ်ငန်းများကို ထိန်းကျောင်းဆောင်ရွက်ရန်အတွက်လည်းကောင်း၊ အကောက်ခွန်သိုလှောင်ရုံတွင် ကာလကြာရှည်စွာ ထည့်သွင်းသိုလှောင်ခြင်းကြောင့် ကုန်စည်များ အရည်အသွေးထိခိုက်မှုမရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Credit – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here