ပူတင်ကို ဖမ်းဆီးသည့် နိုင်ငံတိုင်းကို ရုရှားက ဗုံးကြဲမည်ဟု သမ္မတဟောင်း မက်ဗီဒက် က သတိပေး

0
200

ရုရှားသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC)၏ ဖမ်းဝရမ်းကို သုံးပြီး ပူတင်ကို ဖမ်းဆီးသည့် မည်သည့်နိုင်ငံမဆို ဗုံးကြဲသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က မတ်လ ၂၃ ရက် ကြာသပတေးနေ့တွင် သတိပေးခဲ့သည်။

ICC သည် ပြီးခဲ့သည့်အပတ်က ပူတင်အား အရေးအခင်းအတွင်း ထောင်နှင့်ချီသော ယူကရိန်း ကလေးငယ်များကို ပြန်ပေးဆွဲမှုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထို့ကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ မနေ့က ရုရှားသတင်းထောက်များနှင့် စကားပြောခဲ့ရာတွင် မက်ဗီဒက်က ပူတင်ကို ဖမ်းဆီးမည့် ကြိုးပမ်းမှုမှန်သမျှသည် မော်စကိုအား စစ်ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

မက်ဗီဒက်သည် ပူတင်အား ဖမ်းဆီးမည့် နိုင်ငံတိုင်းအား ဗုံးကြဲမည့်အပေါ် ဂျာမနီဖြင့် ဥပမာ ပေးခဲ့သည်။

“ဒီကိစ္စဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပေမယ့် ဖြစ်လာတယ်လို့ မြင်ယောင် ကြည့်ရအောင်လေ။ တကယ်လို့ နျူကလီးယားအင်အားကြီး နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်က ဂျာမနီဆီ ရောက်နေတဲ့အချိန် အဖမ်းခံလိုက်ရပါပြီ ဆိုပါစို့။ ဒါဆိုရင် ဒီလုပ်ရပ်က ရုရှားကို စစ်ကြေညာလိုက်တာပါပဲ။ အဲလိုဖြစ်ပြီဆိုတာနဲ့ ရှိသမျှ လက်နက်၊ ဒုံးကျည်နဲ့ အခြားအရာတွေဟာ ဂျာမနီရဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ဝန်ကြီးချုပ်ရုံး အပေါ် ကျရောက်သွားပါလိမ့်မယ်” ဟု မက်ဗီဒက်က ပြောခဲ့သည်။

ပူတင်သည် ICC ၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုထားသော နိုင်ငံတိုင်းတွင် ဖမ်းဆီခံရနိုင်ချေရှိပြီး ထိုသို့ အသိအမှတ်ပြုထားသော နိုင်ငံပေါင်း တစ်ရာကျော်ရှိနေသည်။

Source: The Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here