မူဆယ်ကုန်သွယ်ရေးဇုန်သည်တရုတ်နယ်စပ်တ​လျောက် အများဆုံးကုန်သွယ်ဂိတ်ပေါက်ဖြစ်ခါ ကန်ဒေါ်လာ သန်း ၄၀၀ နီးပါးပိုမိုရရှိထား

0
74

မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မူဆယ်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ မူဆယ်နယ်စပ်ဂိတ်မှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇ ဘီလီယံကျော်ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉၆ သန်းရှိထားကာ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇ ဘီလီယံကျော်ရရှိထားခြင်းဖြစ်သည်။

အလားတူပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလိယံကျော်ရရှိထားဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့မှု ပြုလုပ်ခဲ့သည့် အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ယခင်ထက်ပိုမိုတိုးတက်ကောင်းမွန်လာကြောင်း ကုန်သည်များကဆိုသည်။

မြန်မာ-တရုတ်ကုန်သွယ်ရေးကို အဓိကဂိတ်ကြီးများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့မှ ကုန်သွယ်မှုပြုလုပ်ပြီး ယင်းမှ မူဆယ်နယ်စပ်ဂိတ်တွင် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများအား တရုတ်ပြည်သို့တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here