ရွှေကူမြို့ရှိ ဓာတ်ပုံဆိုင်မှ ဆိုင်ကယ်အားခိုးယူသွားသူ ၃ ဦးအနက် ၁ ဦး၏မိဘက အစားပြန်ဝယ်ပေးခဲ့

0
373

ကချင်ပြည်နယ်၊ရွှေကူမြို့၊အမှတ် ၃ ရပ်ကွက်၊မြို့ကုန်းရပ်ရှိ “အရုဏ်ဦး”ဓာတ်ပုံဆိုင်ပိုင်ရှင်ဦးကျော်ရွှေပိုင်ဆိုင်သည့် ဆိုင်ရှေ့တွင်ရပ်ထားသော “ရင်ဇင်း”ဆိုင်ကယ်အား လိုင်စင်ဓာတ်ပုံလာရိုက်သူ အမျိုးသား ၃ ဦးမှ ခိုးယူသွားခဲ့မှု မတ် ၂၃ ရက်မွန်းလွဲ ၂ နာရီကဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူမှ လိုင်စင်ဓာတ်ပုံလာရိုက်သူ ၃ ဦး၏ ဓာတ်ပုံများအား မတ် ၂၃ ရက်၌ပင် လူမှုကွန်ယက်စာမျက်နှာတွင်တင်၍ သိရှိသူများအနေဖြင့်ဆက်သွယ်အကြောင်းကြားပေးရန် အကူအညီတောင်းခဲ့သည်။

ထို့ကြောင့် လိုင်စင်ဓာတ်ပုံလာရိုက်သူ ၃ ဦးအနက် တစ်ဦး၏မိဘများမှ မတ် ၂၄ ရက်နံနက်ပိုင်းတွင် ဓာတ်ပုံဆိုင်ပိုင်ရှင်ထံဖုန်းဖြင့်ဆက်သွယ်၍ ဆိုင်ကယ်အစားပြန်ဝယ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“ကတုံးနဲ့တစ်ယောက်ရဲ့မိဘတွေကဆက်သွယ်လာတယ် ဆိုင်ကယ်အစားပြန်ဝယ်ပေးပါ့မယ် ဓာတ်ပုံကိုပြန်ဖြုတ်ပေးပါဆိုပြီး မေတ္တာရပ်ခံတယ်ပေါ့ဗျာ။ အဲဒါကြောင့် လူမှုကွန်ယက်မှာတင်ထားတဲ့ပုံတွေထဲက သူ့ပုံကိုပြန်ဖြုတ်ပေးထားတယ်။ ဆိုင်ကယ်ကတော့သူ့ဆီမှာမရှိဘူး ကျန်တဲ့ ၂ ယောက်ယူသွားတယ်ပြောတယ်”ဟု ဓာတ်ပုံဆိုင်ပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လိုင်စင်ဓာတ်ပုံလာရိုက်သူ ၃ ဦးအနက် ဆိုင်ကယ်အားအစားပြန်ဝယ်ပေးရန် ဆက်သွယ်လာသူသည် ဗန်းမော်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ကျန် ၂ ဦးမှာ အင်းတော်ဘက်တွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here