ယူဂိုဆလားဗီးယားကို ၁၉၉၉ ခုနှစ်က ဗုံးကြဲခဲ့ခြင်းအတွက်အဖြေပေးရန် နေတိုးစစ်အုပ်စုကို ဆားဘီးယားသမ္မတက တောင်းဆို

0
164

၁၉၉၉ ခုနှစ်တွင် ထိုစဉ်က ယူဂိုဆလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံအား ဗုံးများကြဲ၍တိုက်ခိုက်ခဲ့မှုအပေါ် နေတိုးစစ်အုပ်စုအနေဖြင့် ယခုအခါ ပြန်လည်ရှင်းလင်းဖြေကြားသင့်ကြောင်း ဆားဘီးယားသမ္မတ Aleksandar Vucic က ယမန်နေ့က ကျင်းပခဲ့သော ယူဂိုဆလားဗီးယားကို နေတိုး၏ကျူးကျော်တိုက်ခိုက်ခြင်း ၂၄ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပိုင်နက်နယ်မြေတစိတ်တစ်ပိုင်းကို ခင်ဗျားကိုရန်စတိုက်ခိုက်ခဲ့တာ ၂၄ နှစ်ရှိပြီ၊ ကလေး ၇၉ ယောက်၊ အရွယ်ရောက်ပြီး အရပ်သား ၂,၅၀၀၊ အရပ်သားတွေတင်မကဘဲ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ သေဆုံးခဲ့တာပါ” စသည်ဖြင့် ဆားဘီးယားသမ္မတက ပြောကြားခဲ့သည်။

“ခင်ဗျားတို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အန္တရာယ်ကို မတားဆီးခဲ့ပါဘူး” ဟုလည်း ထောက်ပြခဲ့သည်။

ယူဂိုဆလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံကို နေတိုးစစ်အုပ်စု၏ တိုက်ခိုက်မှုသည် ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက် တွင် စတင်ခဲ့ပြီး ၇၈ ရက်မျှကြာမြင့်ခဲ့သည်။ နေတိုး၏ အဆိုအရ အဆိုပါ စစ်ဆင်ရေးအတွင်း နေတိုးစစ်အုပ်စုဝင်နိုင်ငံများ၏ လေကြောင်း ပျံသန်းမှု ၃၈,၀၀၀ ကို ပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲမှ ပျံသန်းမှု ၁၀,၀၀၀ ကျော်သည် ဗုံးများ ကျဲချရန် အတွက်ဖြစ်ကြောင်း သိရသည်။

“ခေတ်မီနိုင်ငံတကာဥပဒေဆိုတာဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က သေဆုံးသွားခဲ့ပါတယ်” ဟုလည်း ဆားဘီးယားသမ္မတ က ပြောကြားခဲ့သည်။

ဆိုရှယ်လစ် ယူဂိုဆလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံသည် ယူဂိုဆလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံအဖြစ်ပြောင်းလဲခဲ့ပြီးနောက်၊ ပြိုကွဲခဲ့ကာ ယင်းနယ်နိမိတ်မှ နယ်မြေများသည် ဆားဘီးယားနှင့် မွန်တေနေဂရိုးနိုင်ငံများဖြစ်လာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here