YBS ယာဉ်မောင်းများနှင့်ပတ်သက်၍ တိုင်ကြားမှုများကို Telematics စက်များ၊ CCTV များဖြင့်စောင့်ကြည့်ကြပ်မတ်အရေးယူ​နေ

0
120

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS မောင်းနှင်သူများနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

မတ် ၂၃ ရက်နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးကျင်းပသည့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း ၁၀၀ ဦးအား အသိပညာပေးဆွေးနွေးပွဲအမှတ်စဉ် (၅/၂၀၂၃)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူမှုကွန်ယက်မှာ YBS ယာဉ်မောင်းတွေက စည်းကမ်းမဲ့ကြောင်း၊ဝန်ဆောင်မှုမကောင်းကြောင်း၊ပြိုင်မောင်းကြောင်း၊မှတ်တိုင်မှာရပ်မပေးကြောင်း၊ YPS ကတ်သုံးလို့မရအောင် စက်ပိတ်တာ၊အိတ်နဲ့စွပ်ထားတာ စတဲ့သတင်းတွေတိုင်ကြားချက်တွေကိုကြားသိနေရပါတယ်”ဟု ဦးလျန်ကျင့်မန်ကပြောသည်။

YBS ယာဉ်များတစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ပါက ပြစ်မှုပြစ်ဒဏ်(၁၃၈)ချက်အရ တစ်ကြိမ်ကျော်တက်လျှင် ဒဏ်ငွေ ၁၀၀၀၀ ကျပ်ချမှတ်ခံရမည်ဟု ပြောသည်။

ထို့ကြောင့် မိမိတို့၏ကျေးဇူးရှင် ခရီးသွားလုပ်သားပြည်သူများအား ဘေးကင်းလုံခြုံစွာလိုရာခရီးသို့ မောင်းနှင်ပို့ဆောင်ပေးရန်နှင့်တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်ဖြင့် ဝန်ဆောင်မှုကောင်းကောင်းပေးရန်လိုသည်ဟုလည်း ပြောသည်။

ခရီးသွားလုပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိရေးကို အဓိကထားသေချာကြပ်မတ်ပေးရန် YRTC မှစောင့်ကြည့်ကြပ်မတ်အရေးယူရာတွင် Traffic Control Center မှနည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူအရေးယူခြင်းဖြစ်၍ သက်သေခိုင်လုံစွာအရေးယူခံရမည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here