ဗီယက်နမ်လူမျိုးများအား ကမ္ဘောဒီးယားသို့ ကျောက်ကပ်ရောင်းရန်ပို့ဆောင်ပေးသူ ဗီယက်နမ်နိုင်ငံသားရှစ်ဦးထောင်ဒဏ်ချမှတ်ခံရ

0
179

ဟိုချီမင်းမြို့တော်, မတ် ၂၅

ဗီယက်နမ်လူမျိုး ၃၇ ဦးအား ကမ္ဘောဒီးယား၌ ကျောက်ကပ်ရောင်းရန်ပို့ဆောင်ပေးသူ ဗီယက်နမ်နိုင်ငံသားရှစ်ဦးအား ဟိုချီမင်းတရားရုံးက ထောင်ဒဏ်များချမှတ်လိုက်ကြောင်းသိရသည်။

၎င်းတို့ရှစ်ဦးလုံးအား “လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများရောင်းဝယ်ဖောက်ကားခြင်း” ဟူသောစွဲချက်ဖြင့် ရုံးတင် စစ်ဆေးကာ ထောင်ဒဏ် ၁၀ နှစ်မှ ၁၆ နှစ်ကြားပြစ်ဒဏ်များ ကို အသီးသီးချမှတ်ခဲ့ကြောင်းသိရှိရသည်။၎င်းတို့အားလုံးသည် ကျောက်ကပ်ရောင်းဝယ်ရေးပွဲစားကြီးများဖြစ်ကြပြီး ဗီယက်နမ်ရဲများဖမ်းဆီးခဲ့ဖူးသမျှထဲ၌ အကြီးဆုံးဂိုဏ်းဖြစ်သည်ဟုဆိုသည်။

၎င်းအဖွဲ့၏ခေါင်းဆောင်အမျိုးသမီးသည် အသက် ၄၆ နှစ်ရှိပြီဖြစ်ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ကျောက်ကပ်ချို့ယွင်းမှုကြောင့်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စုံစမ်းစစ်ဆေးမှုအရ အဆိုပါခေါင်းဆောင်သည် ၂၀၀၉ ခုနှစ်က ၎င်းကိုယ်တိုင်တရုတ်၌ ကျောက်ကပ်လဲလှယ်မှုပြုလုပ်ခဲ့ပြီး ယင်းနောက်မှ အဆင့်ဆင့်ဆက်သွယ်မိကာ ယခုကဲ့ သို့ အဖွဲ့နှင့်ကျောက်ကပ်ရောင်းချင်သူများအား လိုက်ပါလုပ်ဆောင်ပေးနေခြင်းဖြစ်သည်ဟုသိရသည်။

၎င်းသည် ကျောက်ကပ်ရောင်းလိုသူအား လိုက်ပါဆောင်ရွက်ပေးခြင်းဖြင့် တစ်ဦးလျှင်ဒေါ်လာ ၂,၉၇၃ ဒေါ်လာရရှိကြောင်းသိရှိရသည်။၎င်းတို့အဖွဲ့သည် ဆိုရှယ်မီဒီယာ၌ ကျောက်ကပ်အလှူရှင်များအမည်ဖြင့် အုပ်စုဖွဲ့ကာလှုပ်ရှားနေခြင်းလည်းဖြစ်သည်။

၂၀၁၇ မှ ၂၀၁၉ အတွင်း ၎င်းတို့အဖွဲ့အနေဖြင့် ကျောက်ကပ်ရောင်းချင်သူ အယောက် ၁၀၀ အထိစုစည်းနိုင်ခဲ့ပြီး လူ ၁၀၀ အနက် ၃၇ ဦး၏ကျောက်ကပ်များကိုရောင်းဝယ်ခဲ့ပြီး ဖြစ်ကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here