သင်္ကြန်ကာလတွင် အောင်မင်္ဂလာယာဥ်ရပ်နားစခန်းရှိ အဝေးပြေးယာဥ်လိုင်း ၂၂၄ လိုင်းအနက် ယာဥ်လိုင်း ၅ လိုင်းကပိတ်ရက်မရှိပြေးဆွဲပေးမည်

0
130

သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ရန်ကုန်မြို့ရှိ အောင်မင်္ဂအဝေးပြေးယာဥ်ရပ်နားစခန်းမှတဆင့် မြန်မာနိုင်ငံအနှံ့သို့ပြေးဆွဲပေးနေသည့် ယာဥ်လိုင်း ၂၂၄ လိုင်းအနက် ယာဥ်လိုင်း ၅ လိုင်းမှ ပိတ်ရက်မရှိပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံး၌ မတ်၂၄ ရက်နေ့လည် ၁ နာရီကပြုလုပ်ခဲ့သည့် YRTC နှင့်မီဒီယာများတွေ့ဆုံပွဲတွင် YRTC ၏ကော်မတီဝင်(၅) အဝေးပြေးဌာနမှ ဦးဘမြင့်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်သင်္ကြန်ကာလမှာ ခရီးသွားပြည်သူတွေစိတ်ချမ်းမြေ့စွာသွားလာနိုင်ဖို့အတွက် ကြိုတင်စီမံဆောင်ရွက်ထားပါတယ် ဧပြီ ၇ ရက်နေ့ကစပြီး ခရီးသွားတွေများတဲ့ရက်တွေပါ။ သင်္ကြန်ကာလရဲ့ ဧပြီ ၁၀ ရက်နေ့မှာ ယာဥ်လိုင်းပေါင်း ၁၈၃ လိုင်းပြေးဆွဲပေးသွားပါမယ်။ ၄၁ လိုင်းနားပါမယ်”ဟု YRTC ၏ကော်မတီဝင်(၅)အဝေးပြေးဌာနမှဦးဘမြင့်ကပြောသည်။

ထို့ပြင် ဧပြီ ၁၁ ရက်တွင် ယာဥ်လိုင်း ၁၇၂ လိုင်းပြေးဆွဲ၍ ၅၂ လိုင်းနားမည်ဖြစ်ကာ ဧပြီ ၁၂ ရက်တွင် ၁၅၂ လိုင်းပြေးဆွဲ၍ ၇၂ လိုင်းနားမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်တွင် ၅၁ လိုင်းပြေးဆွဲ၍ ၁၇၃ လိုင်းရပ်နားမည်ဖြစ်ကာ ဧပြီ ၁၄ ရက်တွင် ယာဥ်လိုင်း ၅ လိုင်းပြေးဆွဲ၍ ၂၁၉ လိုင်းရပ်နားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာခရီးသွားတွေမရှိတဲ့အတွက် ရပ်နားထားကြတာပါ။ ပိတ်ရက်မရှိပြေးဆွဲပေးမယ့် ယာဥ်လိုင်းပေါင်းက ၅ လိုင်းရှိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ၂၉ လိုင်း၊နှစ်ဆန်းနှစ်ရက်နေ့မှာ ၁၁၉ လိုင်းပြန်ပြီးပြေးဆွဲပေးသွားမှာပါ။ အဲဒီနောက်ပိုင်းကစပြီး ယာဥ်လိုင်းအသီးသီးက ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမှာပါ”ဟု ဦးဘမြင့်ကပြောသည်။

ထို့ပြင် ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နားစခန်းရှိ ယာဥ်လိုင်းပေါင်း ၁၁၀ လိုင်းအနက် ဧပြီ ၁၃ ရက်တွင် ၉၉ လိုင်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပိတ်ရက်မရှိပြေးဆွဲပေးမည့် ယာဥ်လိုင်း ၆ လိုင်းရှိကြောင်း သိရသည်။

ထိုသို့ သင်္ကြန်ကာလအတွင်း၌ အဝေးပြေးခရီးသည်တင်များပြေးဆွဲချိန်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်များအခက်အခဲတစ်စုံတစ်ရာမဖြစ်ပေါ်စေရန်၊ယာဥ်ချို့ယွင်းမှုများမရှိစေရန် အရန်ယာဥ်များထားရှိ၍ အခက်အခဲတစ်စုံ တစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်းထွက်ခွာကာခရီးသည်များအား ပြောင်းလဲတင်ဆောင်ပေးနိုင်ရေးအတွက် ယာဥ်လိုင်းတစ်လိုင်းလျင် အရန်ယာဥ် ၃ စီးစီအဆင်သင့်လုပ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

“ကျွန်တော်က ယာဥ်လိုင်းတာဝန်ရှိတဲ့လူတွေနဲ့ ၂ ကြိမ် အစည်းအဝေးလုပ်ပြီး ဆွေးနွေးခဲ့တယ်။ လိုက်နာဆောင်ရွက်ရမယ့်အချက်အလက်တွေကိုပြောပြတယ်။ အစည်းအဝေးမှာပြောထားတဲ့အပြင် သက်ဆိုင်ရာယာဥ်လိုင်းဂိတ်တွေကိုလည်း အကြောင်းကြားစာပို့ထားပြီးပါပြီ”ဟု ဦးဘမြင့်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here