မလေးရှားသို့ တရားမဝင်သွားရောက်မည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၅၀) ကျော်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့အနီးတွင် ဖမ်းမိ

0
96

ရခိုင်ပြည်နယ်အတွင်းမှ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ရန် ထွက်ခွာလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၅၀) ကျော်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အထောက်အထားမဲ့ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်အတွင်းမှ ရေလမ်းခရီးဖြင့် ထွက်ခွာလာသူများဖြစ်ပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ရေးမြို့အကြားတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

” ၂၃ ရက်နဲ့ ၂၄ ရက်နေ့မှာ ဖမ်းမိတာပေါ့။ နှစ်ရက်ပေါင်း ဖမ်းမိတာ ၁၅၄ ယောက်။ သူတို့က မလေးရှားကို သွားဖို့ ထွက်လာတာပေါ့။ လမ်းခုလပ်မှာ အဖမ်းခံရတာ” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ်မှ မွန်ပြည်နယ်သို့ ရေလမ်းမှ ထွက်ခွာလာပြီး မွန်ပြည်နယ်မှ ထိုင်းနိုင်ငံ ၊ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းသို့ ထွက်ခွာလာရာမှ သံဖြူဇရပ်မြို့နယ် ဝင်းစန်ကျေးရွာနှင့် ခလောက်ချ ကျေးရွာတို့တွင် မတ်လ (၂၃) ရက်နှင့် (၂၄) ရက်တို့၌ လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အထောက် အထားမဲ့ ဘင်္ဂါလီများအား သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အသေးစိတ် သတင်းအချက်အလက်များနှင့် ပတ်သက် ၍ ပြောဆို၍ မရသေးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီး စပ်သူက ပြောသည်။

ယခုနှစ်များအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ အထောက် အထားမဲ့ ဘင်္ဂါလီများမှာ ပုံသဏ္ဍန်မျိုးစုံဖြင့် နေရပ်စွန့် ခွာထွက်ပြေးလျက်ရှိပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲ ခူးတိုင်းမကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မကြာခဏ ဖမ်းဆီးရမိလျက်ရှိကြောင်း နိုင်ငံပိုင် သတင်းဌာနများမှတဆင့် ထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here