ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်

0
68

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များသည် အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မတ် ၂၇ ရက်(ယနေ့)နံနက်က ကျင်းပခဲ့သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အသက်၊သွေး၊ချွေးတွေပေးဆပ်ပြီးထမ်းဆောင်နေတဲ့ တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးအဖွဲ့အစည်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့အတွက် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့(စုစုပေါင်း ၁၀ ဖွဲ့)တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“အဲ့လိုတွေ့ဆုံဆွေးနွေးရာမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မယ့် ရလဒ်တွေကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။NCA ပါ သဘောတူညီချက်တွေဟာ ပြည်ထောင်စုနဲ့တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေးရှုထားတာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းတည်ပြီး မတူညီတဲ့အယူအဆတွေကို တူညီတဲ့ဘုံသဘောထားတွေနဲ့ပေါင်းစည်းကြဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များ၊ဖြစ်သင့်သည်များကိုချိန်ထိုး၍ အကောင်းဆုံးဖြစ်စေရန် ဆွေးနွေးအဖြေထုတ်ရမည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမယ့် နိုင်ငံရေးရဲ့ လက်နက်တစ်ခုမဟုတ်ပါဘူး နိုင်ငံတည်ဆောက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအား ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအခြေခံအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်သွားမည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here