တပ်မတော်နေ့တွင် နေပြည်တော်အတွင်းသို့ ၁ဝ၇ မမရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန် ကြံစည်သူ နေပြည်တော် PDF အဖွဲ့ဝင်၂ ဦးအားဖမ်းဆီးရမိ

0
253

နေပြည်တော်၌ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားနှင့်ပျော်ပွဲရွှင်ပွဲနေရာများအား ၁၀၇ မမရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန်ကြံစည်​လုပ်​ဆောင်​နေသည့် နေပြည်တော် PDF အဖွဲ့ဝင် ၂ ဦးအားလက်နက်ခဲယမ်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များမှ မတ် ၂၄ ရက်တွင်ဖော်ထုတ်ဖမ်းဆီးရမိခဲ့​ကြောင်းသိရသည်။

တပ်မတော်နေ့၌နေပြည်တော်အတွင်းပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲနေရာများ၊စစ်ရေးပြကွင်း (ရှမ်းစု)နေရာတို့ကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ရန် စီစဉ်ထားကြောင်း သတင်းအရလုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် မတ် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် PDF အဖွဲ့ဝင်များဖြစ်သည့် စိန်လွင်(ခ) မောင်စိန်(ခ)ခရေ အား ပျဉ်းမနားမြို့နယ်၊ဇီးဖြူပင်ကျေးရွာ၊အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း နေ့လည်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ဇီးဖြူပင်ကျေးရွာအဝင်လမ်းအရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား တို့အားဖမ်းဆီးရမိခဲ့သည်။

ထိုသူ ၂ ဦးအား ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ၁၀၇ မမရှော့တိုက်ဒုံးထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခု၊ Remote ၁ ခု၊ ပစ္စတိုအပစ်လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ်ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၅ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုး အိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့်ဖောက်ခွဲရေးဆက်စပ်ပ စ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် နေပြည်တော် PDF အဖွဲ့မှ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း၏စေခိုင်းမှုအရ ဖောက်ခွဲရေးပစ္စည်းများအသုံးပြု၍ အချိန်ကိုက်ပစ်ခတ်ဖောက်ခွဲရန်စီစဉ်ထားသည်ကို ဖော်ထုတ်သိရှိခဲ့ရသည်။

ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here