တာမွေအဝိုင်း ၅ လမ်းဆုံမီးပွိုင့်တွင် ကားတစ်စီးမှ စျေးကြိုကားကိုဝင်တိုက်ပြီးမောင်းပြေး ၉ ဦးဒဏ်ရာရ

0
74

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်(တာမွေအဝိုင်း)ရှိ ၅ ခွဆုံမီးပွိုင့်တွင် မတ် ၂၈ ရက်(ယနေ့)နံနက်အစောပိုင်းက ကားတစ်စီးမှ စျေးကြို Light Truck ကားအားဝင်တိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၄ နာရီခွဲခန့်က ကားတစ်စီးမှ သမိန်ဗရမ်းလမ်းအတိုင်းမောင်းနှင်လာသည့် သန်လျင်မြို့နယ်မှ စျေးကြို Light Truck ကားအား ၅ ခွဆုံမီးပွိုင့်တွင် ဝင်တိုက်မိရာ Light Truck ကားမှာတိုက်မိသည့်အရှိန်ကြောင့် တိမ်းမှောက်သွားခဲ့ပြီး တိုက်သည့်ကားက မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်တဲ့အချိန်က မီးပျက်နေတဲ့အချိန်ဆိုတော့ မီးပွိုင့်မှာလည်းမီးကမလာဘူး ကားတစ်စီးက Light Truck ကားကိုတိုက်ပြေးတယ်ဆိုတာ အခင်းဖြစ်တဲ့နေရာကျွန်တော်တို့ရောက်တော့ ပတ်ဝန်းကျင်ကလူတွေပြောပြလို့သိရတာပါ”ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် Light Truck ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့နှင့်ကြက်ခြေနီအဖွဲ့တို့မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်တော့ ကြက်ခြေနီကားက လူနာ ၃ ယောက်ကိုတင်ပြီး ဆေးရုံခေါ်သွားပြီ။စိုးရိမ်ရဒဏ်ရာရတာက အမျိုးသမီး ၃ ယောက်နဲ့ကားမောင်းတဲ့လူပါ။ ကျန်တဲ့လူတွေကပွန်းပဲ့ရုံလောက်ပါပဲ။ ကျွန်တော်တို့အသင်းက လူနာ ၆ ယောက်ကိုတင်ပြီး စံပြဆေးရုံပို့ပေးခဲ့ပါတယ်”ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-ကရုဏာကမ်းလက်အသင်း/မြန်မာမွတ်စလင်မ်ပရဟိတ


LEAVE A REPLY

Please enter your comment!
Please enter your name here