ဆန်စပါးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူ ထံမှသဘောထားရယူဆွေးနွေး

0
185

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူထံမှသဘောထားရယူဆွေးနွေးခြင်းအား မတ် ၂၈ ရက်နံနက် ၉ နာရီက ကျင်းပခဲ့သည်။

သဘောထားရယူပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီးပွားရေးရာ၀န်ကြီး နိုင်လယ်တမနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းမှတာဝန်ရှိသူများ၊ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်ကုန်သည်များအသင်းတို့မှတာဝန်ရှိသူများနှင့်တောင်သူများတက်ရောက်ခဲ့ကြသည်။

ဆန်စပါးနယ်ပယ်တွင် စိုက်ပျိုးထုတ်လုပ်သူတောင်သူများသာမက စပါးဝယ်ယူသူအကျိုးဆောင်များ၊စက်ပိုင်များ၊ကုန်သည်များနှင့်ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များအထိ အလွှာမျိုးစုံ ပါဝင်နေ၍ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်လုံးဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါးကဏ္ဍတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်မှုကို အထောက်အကူပြုနိုင်မည်ဟု စီးပွားရေးရာ၀န်ကြီး နိုင်လယ်တမ ကပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများနှင့်တက်ရောက်လာကြသူများက ဆန်စပါးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

ဆန်စပါးနှင့်ဆန်ထွက်ပစ္စည်းများ ပြည်တွင်းဖူလုံ မှုရှိစေရေးဆောင်ရွက်နိုင်စေရန်၊ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းစဉ်၌ အလေအလွင့်နည်းပါးစေရေးနှင့်အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရေးဆောင်ရွက်နိုင်စေရန်၊ဆန်စပါးဝယ်ယူခြင်း၊သယ်ယူခြင်း၊သိုလှောင်ခြင်း၊ကြိတ်ခွဲခြင်း၊ဖြန့်ဖြူးခြင်း၊တင်ပို့ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လိုအပ်သော အခြေခံအဆောက်အဦများနှင့်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်နိုင်စေရန်၊ရိတ်သိမ်းချိန်လွန်နည်းပညာ၊သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်စေရန်၊ပြည်ပသို့ ဆန်စပါးတင်ပို့မှု စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်၊ဆန်စပါးထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တစ်လျှောက် အရည်အသွေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ စနစ်တကျထိရောက်စွာဆောင်ရွက်နိုင်စေရန်၊နိုင်ငံတော် အရန်ဆန်နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဆန်စပါးဥပဒေ(မူကြမ်း)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here