ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအမှုအခင်းများကိုစီရင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်တရားရုံးများကို
စီရင်ပိုင်ခွင့်အာဏာများအပ်နှင်း

0
209

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီ ၁ ရက်မှစ၍ကျင့်သုံးမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများအပ်နှင်းခြင်း၊မူပိုင်ခွင့်တရားရုံးကချမှတ်သည့် စီရင်ချက်၊အမိန့်၊ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများအပ်နှင်းခြင်းတို့နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့သည်။

နစက မှ မတ် ၁၀ ရက်တွင်ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၃ အရ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃)၊(၂၃၆/၂၀၂၃)၊(၂၃၇/၂၀၂၃)(၂၃၈/၂၀၂၃) နှင့် (၂၃၉/၂၀၂၃)တို့ဖြင့် မတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃)တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)နှင့်(င) တို့အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၆ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ်လျှောက်ထားမှုများ၊ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၂ အရ အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းခဲ့သည်။

အမိန့်ကြော်ငြာစာအမှတ် (၂၃၆/၂၀၂၃)တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ခရိုင်တရားရုံးများအား ဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကိုစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်မှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းခဲ့သည်။

အမိန့်ကြော်ငြာစာအမှတ် (၂၃၇/၂၀၂၃)တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဃ)အရ တိုင်းနှင့်ပြည်နယ်တရားလွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့်ခရိုင်တရားရုံးများက ကုန်အမှတ်တံလဆိပ်မူပိုင်ခွင့်ဥပဒေအရ ချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာ စီရင်ချက်အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ပြင်ဆင်မှုများအား စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကိုလည်း အပ်နှင်းခဲ့သည်။

အမိန့်ကြော်ငြာစာအမှတ် (၂၃၈/၂၀၂၃)တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)အရ ကျောက်တံတားခရိုင်တရားရုံးအား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့်အခွင့်အရေးချိုးဖောက်ခြင်းနှင့်ပတ်သက်သည့် တရားမကြောင်းအရစွဲဆိုမှုများ၊ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၇(က)အရ ယာယီအရေးယူဆောင်ရွက်ပေးရန်လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ တရားမမူလမှုစီရင်ပိုင်ခွင့် အာဏာများကို အပ်နှင်းခဲ့သည်။

အမိန့်ကြော်ငြာစာအမှတ်(၂၃၉/၂၀၂၃)တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဃ)အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အား မူပိုင်ခွင့်တရားရုံးက တရားမမှုများတွင်ချမှတ်သော စီရင်ချက်၊အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here