နေတိုးကို တန်ပြန်ရန်အတွက် ရုရှား၏ နျူလက်နက်များ လက်ခံထိန်းသိမ်းသွားမည်ဟု ဘီလာရုစ် အတည်ပြု

0
200

လန်ဒန်၊ မတ် ၂၉

ဘီလာရုစ်သည် အနောက်အုပ်စု၏ ဖိအားပေးမှုများ၊ ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ၎င်း၏ နယ်စပ်ဒေသအနီး စစ်ရေးတည်ဆောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှား၏ နျူကလီးယား လက်နက်များကို လက်ခံထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မတ်လ ၂၈ ရက် အင်္ဂါနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့အပတ်တွင် သမ္မတ ပူတင်က ဘီလာရုစ်၌ နျူလက်နက် သိုလှောင်ရေး အဆောက်အအုံကို တည်ဆောက်ကာ ဗျူဟာမြောက် နျူလက်နက်များ ဖြန့်ကျက်ထားရှိသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ဘီလာရုစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စ အကောင်အထည်ပေါ်လာပါက မော်စကိုသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် နျူလက်နက်များကို ၎င်း၏ နယ်နိမိတ် အပြင်ဘက်တွင် ပထမဆုံးအကြိမ် ဖြန့်ကျက်ထားရှိခြင်း ဖြစ်လာမည် ဖြစ်သည်။

ဘီလာရုစ် နိုင်ငံရေး ဝန်ကြီးဌာနက အမေရိက၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ နေတိုးနှင့် ၎င်း၏ မဟာမိတ်များသည် ပြီးခဲ့သည့် ၂ နှစ်ခွဲလောက်မှစ၍ ၎င်းနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟူ၍ ပြောဆိုပြီးနောက် ရုရှား၏ နျူကလီးယား ဗုံးများသည် ၎င်းနိုင်ငံကို အကာအကွယ် ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ထိုနျူလက်နက်များအတွက် ထိန်းချုပ်ခွင့်ကို ဘီလာရုစ်ကိုယ်တိုင်က မရရှိထားသောကြောင့် ရုရှား၏ နျူကလီးယားအစီအစဉ်များသည် နျူလက်နက် မပြန့်ပွားရေး သဘောတူညီချက်များကို ချိုးဖောက်သွားမည် မဟုတ်ကြောင်း ဘယ်လာရုစ်ဖက်က ပြောထားသည်။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here