နိုင်ငံရေးပါတီ (၄၀)ကို ဖျက်သိမ်းလိုက်သော်လည်း ပါတီအသစ်တည်ထောင်ခွင့်ကို ဆက်လက်ခွင့်ပြုထား

0
287

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ (၄၀) ကို ဖျက်သိမ်းခဲ့သော်လည်း ပါတီအသစ် တည်ထောင်လိုသူများအနေဖြင့် ဆက်လက်လျှောက်ထားနိုင်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ (၂၈) ရက်က ထုတ်ပြန်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၃) အရ ဆက်လက်လျှောက်ထားနိုင်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၃) အရ ပြည်ထောင်စု တစ်ဝန်းလုံး၌ ဖြစ်စေ၊ ပြည်နယ်/တိုင်းတစ်ခုအတွင်း၌ဖြစ်စေ စည်းရုံးလိုသည့် ပါတီတည်ထောင်လိုသူ အနည်းဆုံး (၁၅) ဦးသည် တည်ထောင်လိုသည့် ပါတီအမည်ကိုဖော်ပြ၍ ပါတီဝင်များအားဥပဒေနှင့်အညီစည်းရုံးခွင့်ပြုရန် UEC ထံ လျှောက်ထားရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ယင်းသို့ လျှောက်ထားလာပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ စစ်ဆေးကာ လျှောက်ထားချက်အား လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်းလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) ပုဒ်မခွဲ (ခ)တွင် ပြဌာန်းထားသည်။

အဆိုပါ ပုဒ်မခွဲ (ခ) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်အား ကော်မရှင်က လက်ခံခဲ့ပါက ပါတီတည်ထောင်လိုသူများသည် ပထမ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် တစ်ဦးရွေးချယ်ရမည်ဟုလည်း ပါတီမှတ်ပုံတင်ခြင်း ဥပဒေ၌ ပြဌာန်းထားသည်။

ယမန်နေ့ မတ်လ (၂၈) ရက်က UEC ၏ ထုတ်ပြန်ချက်အရ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် ပါတီ (၆၃) ပါတီအထိရှိပြီး ပြည်ထောင်စုအဆင့်ပါတီ (၁၂) ပါတီ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုအတွင်း စည်းရုံးမည့်ပါတီ (၅၁)ပါတီ အထိရှိကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် ပါတီ (၆၃) ပါတီတွင် ယခင်က ၂၀၁၀ ခုနှစ် ပါတီမှတ်ပုံတင်ဥပဒေအရ ရှိရင်းစွဲ ပါတီ (၅၀) နှင့် ပါတီအသစ်အနေဖြင့် ပြန်လည်လျှောက်ထားလာသည့် ပါတီ(၁၃)ပါတီရှိကြောင်း သိရသည်။

ထို့အပြင် NLD ပါတီအပါအဝင် မှတ်ပုံတင် ပြန်လည်လျှာက်ထားလာခြင်း မရှိသည့် ပါတီ (၄၀) ကို နိုင်ငံရေး ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ယမန်နေ့က ကြေညာသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here