မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ပြန်လည်ဖြတ်သန်းခွင့်ပြု

0
225

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားခဲ့ရာမှ မတ် ၃၀ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ခရီးသည်တင်ကားမောင်းသူများထံမှ သိရသည်။

မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်နှင့်နေရာအချို့၊ကျုံဒိုး၊ကော့ကရိတ်မြို့နယ်နှင့်အာရှလမ်းတို့တွင် မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့က လုံခြုံရေးအဖွဲ့ဝင်များအား KNLA ,PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုတွင် လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကာ အာရှလမ်းမကြီး၏နေရာအချို့တွင်လည်းမိုင်းခွဲဖျက်ဆီးခံရသဖြင့် လမ်းများပျက်စီးခဲ့၍ ဖြတ်သန်းသွားလာခွင့်အား ယာယီပိတ်ထားခဲ့သည်။

ထိုသို့ ပိတ်ထားခဲ့သဖြင့် ခရီးသည်တင်ကားများ၊ကုန်တင်ကားများနှင့်အိမ်စီးကားအချို့မှာ ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားခဲ့ရသဖြင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီးချိန်တွင် ပိတ်မိနေသည့်ကားများအား မတ် ၂၉ ရက်နေ့လည် ၃ နာရီမှစတင်၍ လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

“မတ် ၂၉ ရက်နေ့လည်ပိုင်းမှာ ပိတ်မိနေတဲ့ကားတွေကိုဖြတ်ခိုင်းတယ် ည ၆ နာရီကြတော့ လုံခြုံရေးအခြေအနေအရ ဖြတ်သန်းခွင့်မပြုတော့ဘူး လမ်းတစ်လျှောက်မှာလည်း စစ်သားတွေ ရဲတွေ BGF အဖွဲ့တွေ လုံခြုံရေးယူထားတာတွေ့တယ်”ဟု ခရီးသည်တင်ကားမောင်းသူတစ်ဦးကပြော သည်။

မတ် ၂၉ ရက်နေ့လည်ပိုင်းတွင် ပိတ်မိနေသည့်ကားများအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် မတ် ၃၀ ရက်(ယနေ့)နံနက်ပိုင်းမှစတင်၍ အာရှလမ်းမကြီးအား ယခင် ပုံမှန်အတိုင်းဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

“အခုမနက်တော့ ကားတွေအကုန်လုံးပုံမှန်အတိုင်းဖြတ်လို့ရပြီ လမ်းကပြန်ပွင့်မှဖြစ်မယ် ကျွန်တော်တို့တင်လာတဲ့ကုန်တွေက ပုတ်ကုန်တွေ ဒီထက်ရက်နည်းနည်းကြာသွားရင် အကုန်လွှင့်ပစ်ရတော့မှာ အခုဖြတ်သန်းခွင့်ပြုလိုက်တော့ ကုန်သွယ်ရေးဇုန်ရောက်အောင် အမြန်မောင်းခဲ့ရတယ်”ဟု ကုန်တင်ကားမောင်းသူတစ်ဦးကပြောသည်။

မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအနည်းငယ်နှောင့်နှေးကြန့်ကြာခဲ့ရသော်လည်း မတ် ၂၆ ရက်နံနက်ပိုင်းမှစတင်ကာ ကုန်သွယ်ရေးလုပ်ငန်းများအား ယခင်အတိုင်း ပုံမှန်ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်ရေးဇုန်မှတာဝန်ရှိသူတစ်ဦးကပြောကြားထားသည်။

“လက်ရှိအချိန်မှာ ပို့ကုန်ကားများအားလုံးဝင်ရောက်နေပါတယ် သွင်းကုန်ကားတွေလည်း အာရှလမ်းမကြီးအခြေအနေကြောင့် ဝင်ရောက်မလာနိုင်သေးပေမယ့် Maccs စနစ်မှာ သွင်းကုန်ကြေညာလွှာတွေကို တင်သွင်းပေးနေပါတယ်”ဟု ကုန်သွယ်ရေးဇုန်တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအား မြန် မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)နှင့်မြဝတီကုန်သွယ်ရေးဇုန်တို့တွင်ဆောင်ရွက်ပေးလျက်ရှိကာ သွင်းကုန်ကားစီးရေ ၃၀၀ နီးပါး၊ပို့ကုန်ကားစီးရေ ၂၀၀ နီးပါး၊ကုန်ပစ္စည်းတင်မည့် ကုန်မဲ့ခါလီကားစီးရေ ၂၀၀ နီးပါး၊ ရန်ကုန်-သီလဝါ SES ကိုသွားမည့် ကုန်တင်ကားစီးရေ ၆၀ နီးပါးခန့် ဝင်ထွက်သွားလာလျက်ရှိကြောင်း သိရသည်။

Photo-ဘီဝမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here