ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး လက်နက်ကိုင် (၇) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘောဆွေးနွေး

0
187

နေပြည်တော်တွင်ရောက်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ အရပ်သား အကာအကွယ်ပေးရေး၊ နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေး ကိစ္စရပ်များအပါအဝင် ငြိမ်းချမ်းရေးကိစ္စရပ်များကို (၂) ရက်တာ အလွတ်သဘောဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA-S- EAO အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ မတ် ၂၉ ရက်နံနက်က ဒုတိယနေ့အဖြစ် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

မတ်လ (၂၈) ရက်နှင့် (၂၉) ရက် နှစ်ရက်တာဆွေးနွေးမှုများတွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်၊ ဖက်ဒရယ်အခြေခံမူများ၊ အရပ်သားများကာကွယ်ပေးရေး၊ နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေး၊ ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးပြီးနောက် နှစ်ဖက်အဖွဲ့အစည်းများအကြား နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထား စုစည်းချက်များကို မှတ်တမ်းတင်ခဲ့ကြကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် အထောက်အကူပြုအဖွဲ့ဝင် ဗိုလ်မှူးကြီးအောင်ကျော်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

NCA-S-EAO အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS)၊ ဒု-အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး(NMSP)၊ အဖွဲ့ဝင်များဖြစ်သည့် စောကျော်သန်းဌေး (DKBA)၊ စောကျော်ညွန့်(KNU/KNLA-PC)၊ ကျာဖူး(LDU)၊ ခွန်မင်းသိန်း (PNLO)နှင့် အထောက်အကူပြု အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here