ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်း မှ ကျူးကျော်ဝင်ရောက်သူအချို့ ဖမ်းဆီးခံရ

0
330

တရုတ် – မြန်မာနယ်စပ်ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်များအနီးမှ တရားမဝင် ကျူးကျော်ကာ တရုတ်နိုင်ငံအတွင်း ခိုးဝင်သူ မြန်မာနိုင်ငံသားအချို့ ယခုရက်ပိုင်းအတွင်း တရုတ်ရဲ၏ ဖမ်းဆီးခြင်းခံရကြောင်း ‌နီးစပ်သူများထံမှ သိရသည်။

မတ်လ တတိယပတ်အတွင်း တရုတ်နိုင်ငံအတွင်းသို့ နယ်စပ်မှ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှု (၃) ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး ယင်းကဲ့သို့ ကျူးကျော်ဝင်ရောက် လာသူ အမျိုးသမီးတစ်ဦး အပါ အဝင် မြန်မာနိုင်ငံသား အချို့ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသ ည်။

ယင်းကဲ့သို့ ကျူးကျော်ဝင်ရောက်နိုင်ရန် ပွဲစားများက လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုများ မလုပ်ဆောင်ကြရန် တရုတ်နိုင်ငံဘက်အခြမ်း ကျယ်ခေါ င်မြို့တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသူ တစ်ဦးက သတိပေး ပြောသည်။

” ၂၇ ရက် ညက တချို့ ခိုးဝင်ကြတာတွေ့ရတယ်။ ကာထားတဲ့ အကာအရံတွေကို ဖောက်ပြီး ဝင်လာတာပေါ့။ တရုတ်ရဲတွေ အများကြီးနဲ့ လိုက်ဖမ်းနေတာကို မြင်ရတယ်။ စိတ်မကောင်းဘူးပေါ့နော်။ မိရင်ထောင်ကျမှာပေါ့နော်။ တရုတ်ဘက်က အရမ်းစည်းကမ်းကြီးတယ် ။ အဲဒီလို မလုပ်ကြပါနဲ့ ။ တရားဝင် လာလို့ရတဲ့အထိ စောင့်ကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တရုတ် – မြန်မာ နှစ်ငံငံ နယ်စပ်ဂိတ်များမှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်အိမ်ထောင်စုစာရင်းရှိသူများသာ ဝင်ထွက်ခွင့်ပြုထားပြီး အခြားမြို့နယ် အိမ်ထောင်စုစာရင်းများအနေဖြင့် ဝင်ထွက်ခွင့်မပြုသေးကြောင်း သိရသည်။

တရုတ် – မြန်မာ နယ်စပ်ဂိတ်များကို ကိုဗစ်ကာလကစတင်ပိတ်ထားရာမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည် ဖွင့်ပေးထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်သည့် နောက်ပိုင်း တရုတ်နိုင်ငံအတွင်းသို့ သွားရောက်ရန် မြန်မာ နိုင်ငံအနှံ့မှ ရွှေ့ပြောင်း လုပ်သား သောင်းနှင့်ချီရောက်ရှိနေပြီး နယ်စပ်တွင် ကန့်သတ်ချက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် အကန့်အသတ်များ ရှိနေသည့်အတွက် လူလိမ်ပွဲစားများ၏ စည်း ရုံးမှုဖြင့် တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုများရှိနေခြင်းလည်း ဖြစ်သည်။

” ခေတ်ပျက်ချိန်မှာ လူလိမ်ပွဲစားတွေရဲ့ စကားက်ိုယုံပြီး ခိုးလမ်းကနေ ရွှေလီ/ကျယ်ခေါင် ထဲမဝင်ကြပါနဲ့။ ဘယ်လောက်စိတ်ချရတယ် ပြောပြောလွတ်သွားတာနည်းပါတယ်။ ခိုးလမ်းကနေမိရင် ထောင်ကကျအုံးမယ်။ လွတ်လာရင်လည်း blacklist ထဲထည့်ပြီး ပြည်ဝင်ခွင့် (၃)နှစ် ဒါမှမဟုတ် (၅) နှစ်ပိတ်ခံရတတ်ပါတယ်” ဟု ကျယ်ခေါင်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသူ တစ်ဦးက ပြော သည်။

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုများ ရှိနေသည့်အတွက် လုံးခြုံရေး တင်းကြပ်မှုများရှိနေပြီး နယ်စပ်ခြံစည်ရိုးများတွင် အချက်ပေးသံစနစ်များပါ ထည့်သွင်း တပ်ဆင်ထားကြောင်း နီးစပ်သူ များထံမှ သိရသည်။

” တရုတ်ကတော့ သူ့ဘက်ကို ကြွက်တောင် ဝင်မရအောင် လုပ်ထားတာပေါ့ဗျာ ။ အဲဒီတော့ စွန့်စွန့်စားစားတွေပေါ့ဗျာ ။ ၁၅ ပေလောက် မြင့်တဲ့ဟာကို လှေကားတွေနဲ့ ကျော်ခွပြီး ဝင်ကြတာတွေရှိတယ်။ အဲဒီလို ဝင်တဲ့သူတွေလည်း ဟိုဘက်မှာ အဖမ်းခံရတာတွေ ရှိတယ်။ အဲဒီလူတွေကတော့ တရုတ်ရဲ့ လဝက ဥပဒေနဲ့ အရေးယူခံရမှာ။သူ့ဖက်က ဥပဒေအရ တရုတ်က အရေးယူတာကိုတော့ ကျွန် တော်တို့ဘက်က ဝင်စွက်ဖက်လို့တော့ မရဘူးပေါ့ဗျာ ” ဟု မူဆယ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးစိန်လှအောင်က ပြောသည်။

လက်ရှိတွင် တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းဆဲအဆင့်တွင်သာ ရှိနေသေးပြီး မူဆယ်ခရိုင်ပြင်ပ သန်းခေါင်စာရင်းဖြင့် နေထိုင်သူများ ဝင်ထွက်ခွင့် ဆက်လက်စောင့်ဆိုင်းရဦးမည့် အခြေအနေဖြစ်ကြောင်း နီးစပ်သူ များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here