ဗဟိုဘဏ် ငွေလဲနှုန်း ပြောင်းလဲသတ်မှတ်သည်ဆိုသည့်သတင်းနှင့် နိုင်ငံခြားဘဏ်အချို့ မြန်မာပြည်မှ ငွေကြေးစီးဆင်းမှု လက်မခံတော့ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း နစက ပြောခွင့်ရသူပြော

0
208

ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းဈေး ပြောင်းလဲ သတ်မှတ်လိုက်သည်ဆိုသည့် သတင်းနှင့် နိုင်ငံခြားဘဏ်အချို့ မြန်မာပြည်မှ ငွေကြေးစီးဆင်းမှုကို လက်ခံတော့ဟု သတင်းများဖြန့်နေပြီး ယင်းသတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗဟိုဘဏ်က တစ်ဒေါ်လာငွေလဲနှုန်းကို ၂၅၀၀ ကျပ် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း  လူမှုကွန်ရက် စာမျက်နှာများမှတဆင့် ဖြန့်ဝေနေသည့် ကောလာဟလသတင်းများနှင့် ပတ်သက်၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒေါ်လာဈေးနှုန်းနဲ့ ပါတ်သက်ပြီး တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ သတ်မှတ်ထားပါတယ်။ ဒီ ၂၁၀၀ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ပြင်ဆင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိသေးကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက အမေရိကန်ဘဏ်အချို့ ဒေဝါလီခံရသည်အထိ ပြိုလဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များ၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုများ ၊ ကမ္ဘာ့ရွှေဈေးနှုန်းများ အဆမတန်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်း၏ အကျိုးဆက်အနေဖြင့် ပြည်တွင်း၌လည်း ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းဆွဲတင်ရန် ကောလာဟလ သတင်းဖြန့်ကာ ကြိုးပမ်းမှုများ ရှိနေခြင်းလည်း ဖြစ်သည်။

ထို့အပြင် မကြာမီတွင် ဘဏ္ဍာနှစ် အသစ်စတင်တော့မည် ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းသမားများအတွက် နိုင်ငံခြား လိုအပ်ချက်များ ရှိလာနိုင်သည့်အတွက် ယခုလို ကောလာဟလ သတင်းဖြန့်၍ ငွေဈေးကစားရန် ကြိုးပမ်းနေကြခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့အပြင် နိုင်ငံခြားဘဏ်အချို့အနေဖြင့် မြန်မာနိုင်ငံမှ ငွေကြေးစီးဆင်းမှုများကို လက်မခံတော့ကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေပြီး ယင်းသတင်းများနှင့်ပတ်သက်၍ မယုံကြည်ကြရန်လည်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဆိုသည်။

” ယခင်အပတ်လောက်တည်းက ကောလာဟလ ထွက်နေတာရှိတယ်။ တချို့သော နိုင်ငံ့ခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေအဝင်အထွက်တွေ လက်မခံတော့ဘူးဆိုပြီး ဖြန့်နေတာ ရှိပါတယ်။ လက်တွေ့မှာတော့ ပုံမှန် လည်ပတ်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နစက အစိုးရ တာဝန်ယူသည့် အချိန်မှ စတင်ကာ မြန်မာပြည်တွင်းရှိ ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန် တိုက်ခိုက်မှုများ ၊ ငွေရေးကြေးရေး စနစ်ပြိုလဲစေရန် တိုက်ခိုက်မှုများ ရှိခဲ့ပြီး ပြည်သူလူထုနှင့် စီးပွားရေးသမားများအနေဖြင့် ကောလာဟလ သတင်းများအား မယုံကြည်ကြရန်နှင့် ဗဟိုဘဏ်ကဲ့သို့သော ငွေရေးကြေးရေးအဖွဲ့အစည်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျင် မြန်မာငွေ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၈၅၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here