ဒေါ်လာဈေးနှင့် ပတ်သက်၍ ကောလာဟလ သတင်းလွှင့်ကာ ဈေးကစားရန်ကြံသူများကို အရေးယူမည်ဟု ဗဟိုဘဏ်ထပ်မံသတိပေး

0
228

ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းဈေးကို ၂၅၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကောလာဟလ သတင်းဖြန့်ဝေမှုများရှိနေပြီး အဆိုပါ ကောလာဟလ သတင်းအပေါ်မူတည်၍ ငွေဈေးကစားရန် ကြံစည်နေသူများကို အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထပ်မံ သတိပေးလိုက်သည်။

မတ်လ (၃၁) ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ချက် တစ်ဆောင် ထုတ်ပြန်ကာ ထပ်မံသတိပေးလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ ပြည်တွင်းရှိ နိုင်ငံခြား ငွေဈေးကွက်အတွင်း ဈေးနှုန်းကမောက်ကမ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် သတင်းများ လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေခြင်းလည်း ဖြစ်သည်။

အဆိုပါ ကော်လာဟလ သတင်းများနှင့် ပတ်သက်၍ ကောလာဟလသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောကြားထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ယနေ့မတ်လ (၃၁) ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ရည်ညွှန်းငွေလဲနှုန်းကို ပြောင်းလဲ သတ်မှတ်ရန် အစီအစဉ်မရှိကြောင်း အကြိမ်ကြိမ်ရှင်းလင်းထားပြီးဖြစ်ကြောင်းနှင့် ကောလာဟလ သတင်းများပေါ်မူတည်၍ ဈေးကစားရန် ကြံရွယ်သူများအား အရေးယူသွားမည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျင် မြန်မာငွေ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၈၅၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိ နေခြင်းဖြစ်သည်။

ကောလာဟလ သတင်းများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် စီးပွားရေးသမားများအနေဖြင့် မယုံကြည်ကြရန်နှင့် ဗဟိုဘဏ်ကဲ့သို့သော ငွေရေးကြေးရေးအဖွဲ့အစည်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here