အောင်မင်္ဂလာ အဝေးပြေးကားဝင်း ဂိတ်အမှတ် (၂) အနီးတွင် လက်လုပ်ဗုံးပေါက်ကွဲ ရဲတပ်ဖွဲ့ဝင် (၁) ဦးဒဏ်ရာရ

0
185

ရန်ကုန်မြို့၊ အမှတ် (၃) လမ်းမကြီးဘေးရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်း၏ ဂိတ်အမှတ်(၂)အနီးတွင် ယနေ့ဧပြီ (၁) ရက် နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၉) နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး၌ ယာဥ်ရှင်းလင်းရေးပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင် (၅) ဦးအနက် ရဲတပ်သား (၁) ဦး ခြေထောက်တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပေါက်ကွဲသံတစ်ချက်ကြားလိုက်တယ်။ ဖြစ်တဲ့နေရာကိုသွားကြည့်တော့ လမ်းဘေးမှာထားတဲ့ ဗုံးကနေပေါက်ကွဲသွားတာတဲ့၊ ရဲတပ်သားတစ်ယောက် ခြေထောက်ထိသွားတာတွေ့တယ်။ လူနာတင်ကားနဲ့ လာခေါ်သွားပါတယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ – လက်လုပ်ဗုံး ပေါက်ကွဲခဲ့သည့် အမှတ်(၃) လမ်းမဘေး။


LEAVE A REPLY

Please enter your comment!
Please enter your name here