လားရှိုးမြို့တွင် ဆိုင်ကယ် (၂) စီးနှင့် မြေသယ်ယာဉ်တိုက်မိပြီး (၂) ဦးသေဆုံးကာ (၁) ဦးဒဏ်ရာပြင်းထန်

0
194

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ လားရှိုး – နမ္မတူ သွားကားလမ်းပေါ်တွင် ယနေ့ဧပြီ (၁) ရက် နံနက်ပိုင်းက ဆိုင်ကယ်နှစ်စီးနှင့် မြေသယ်ယာဉ် တိုက်မိပြီး (၂)ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲမှ သိရသည်။

ယနေ့နံနက် (၉) နာရီခန့်က လားရှိုးမြို့ရှိ လားရှိုး – နမ္မတူ သွားကားလမ်းပေါ်တွင် ဆိုင်ကယ် (၂) စီးနှင့် မြေသယ်ယာဉ်တို့တိုက်မိခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန် သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ် (၂) စီးပေါ်မှ အမည်၊ အသက်၊ နေရပ်လိပ်စာ(စီစစ်ဆဲ) အမျိုးသား (၂) ဦး သည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အမည်၊ အသက်၊ နေရပ်လိပ်စာ (စီစစ်ဆဲ) အမျိုးသား (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“လားရှိုးဂေါက်ကလပ်နားမှာ တိုက်မိတာပါ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန် သေဆုံးသူ (၂) ယောက်နဲ့ ဒဏ်ရာရတဲ့ လူကိုမိတ်ဖက်အသင်းတွေက ဆေးရုံပို့ပေးပြီးပြီ။ တိုက်မိတဲ့အနေအထားကိုကြည့်ရင် အတော်ဆိုးဆိုးပဲ။ ဆိုင်ကယ် (၂) စီးလုံး ရစရာမရှိအောင် ပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြော သည်။

သေဆုံးသူ (၂) ဦး၏ ရုပ်အလောင်းများအား ရွှေလှိုင်မေတ္တာ လူမှုကူညီရေးအသင်း၊ အမေ့သွေးနှင့် ပရဟိတအသင်း၊ ထိခိုက်ဒဏ်ရာရသူအား မုဒိတာပရဟိတအသင်းတို့မှ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here