သမီးနှစ်ယောက်စလုံးကို အိပ်ဆေးကျွေးပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ မိခင်

0
251

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က မိခင်တစ်ဦးဟာ သမီးနှစ်ယောက်စလုံးကို အိပ်ဆေးကျွေးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၇၈ နှစ် ချမှတ်ခံရပါတယ်။

ဒီလူသတ်မှုဟာ ၂၀၁၈ ဩဂုတ်လ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ် ဗရိုနီကာ ယန်းဘလက်ဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးမှာ ၁၅ နှစ်အရွယ် ရှဲယွန် ကတ်စ်ထရို နဲ့ ၅ နှစ်အရွယ် ဘရွတ်ကလင်း ယန်းဘလက်ဒ် ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါတယ်။

ဗရိုနီကာ ဟာ ကွာရှင်းထားတဲ့ ခင်ပွန်းဖြစ်သူ ရိုနယ် ယန်းဘလက်ဒ်နဲ့ စကားများရန်ဖြစ်ပြီးနောက်ပိုင်း သမီးနှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ အဲဒီအချိန်ဟာ ယောင်္ကျားဟောင်းက အငယ်ဆုံးသမီးကို သူနဲ့အတူ မစ်ဇူရီပြည်နယ်ဆီ ခေါ်သွားမယ်ဆိုပြီး လုပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒါကြောင့် ဗရိုနီကာဟာ ယောင်္ကျားဟောင်းကို လက်စားချေတဲ့အနေနဲ့ သမီးနှစ်ယောက်ကိုရော သူ့ကိုယ်သူပါ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ဖို့ စီစဉ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သမီးငယ် အသတ်ခံရပြီးနောက် သမီးကြီးဟာ လူသတ်မှုကို ရဲတွေဆီ တိုင် ကြားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူလည်း နောက်ကျောနဲ့ ရင်ဘတ်ကို သေနတ်နဲ့ တစ်ချက်စီ အပစ်ခံရတဲ့ ဒဏ်ရာနဲ့ ဆေးရုံမှာတင် သေဆုံးသွားခဲ့ပါတယ်။

ဗရိုနီကာဟာ ဆင်းရဲစွာ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး မိသားစုဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် မိဘတွေရဲ့ စွန့်ပစ်မှုကြောင့် ၁၆ နှစ်အရွယ်မှာ ပြည့်တန်ဆာ အဖြစ် စတင်လုပ်ကိုင်ခဲ့ရသူပါ။ အဲဒီဒဏ်တွေကြောင့် စိတ်ဝေဒနာကို စပြီး ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်ရချိန် ဗရိုနီကာရဲ့ ရှေ့နေက သူရဲ့ အမှုသည်ဟာ စိတ်ဝေဒနာ ခံစားနေရတဲ့အတွက် အပြစ်မဲ့တယ်ဆိုပြီး လျှောက်တင်ခဲ့ပေမယ့် ဂျူရီလူကြီးအဖွဲ့က ပယ်ချခဲ့ပါတယ်။ အခုတော့ ဗရိုနီကာဟာ သူ့ဘဝတစ်လျှောက်လုံး ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

Source: The Mirror


LEAVE A REPLY

Please enter your comment!
Please enter your name here