ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေး စီမံကိန်း ၇၅ ဒသမ ၅ ရာခိုင်နှုန်းပြီးစီး

0
416

ပဲခူးမြစ်ကူးတံတား သန်လျင်တံတား အမှတ်(၃) တည်ဆောက်နေမှုတွင် လက်ရှိအချိန်၌ ၇၅ ဒသမ ၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သန်လျင်တံတား အမှတ်(၃)မှာ ပင်မတံတား အကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာနှင့် တံတားခံနိုင်ဝန် (ခွင့်ပြု အလေးချိန်)မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ပြီး ယင်းတံတားအား ဂျပန် နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများက တည်ဆောက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် တံတား၏ သန်လျင်ဘက်ကမ်း ချဉ်းကပ်တံတားအား ကြိုတင် အားဖြည့်ကွန်ကရစ် ရက်မများ လွန်း ထိုးခြင်း နည်းပညာဖြင့် Box တင်လျက်ရှိပြီး ရေလယ် ပင်မတိုင်ဖြစ်သော P 11 နှင့် P 12 မှာ Pier Head အထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ရေထဲရှိ တိုင်အမှတ် P 16 ၊ P 17 ၊ P 18 နှင့် P 19 မှ စတင်၍ သံမဏိ Box ရက် မတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ​နေသည်။

အဆိုပါ တံတားစီမံကိန်းအတွက် JICA က ODA ချေးငွေဂျပန် ယန်း ၃၁ ဘီလီယံ ချေးထားပြီး (ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအဝင်) ပြန်ဆပ်ကာလကို ၄၀ နှစ် သတ်မှတ်ထားပြီး တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်အတွင်းရှိ စီးပွားရေးဇုန်၊ခရမ်းနှင့် သုံးခွ မြို့နယ်တို့အပါအဝင် ပဲခူးတိုင်းဒေသကြီးသို့ လွယ်ကူလျင်မြန် စွာသွားလာနိုင်မည်ဖြစ်သည်။

အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် လျာထားပြီး တံတားသည် အရှည် ၈၆၃၈ ဒသမ ၈၆ ပေရှိပြီး အပိုင်းသုံးပိုင်းခွဲ၍ တည် ဆောက်လျက်ရှိပြီး တံတား အမျိုးအစားမှာ သံကူကွန်ကရစ် သံမဏိ ကြိုးဆိုင်းတံတားဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် သီလဝါ အထူးစီးပွားရေးဇုန်ကို လွယ်ကူစွာဆက်သွယ် သွားလာနိုင်စေရေးအတွက် အဆိုပါ သန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေး စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ဆောင်ရွက်ခြင်း ဖြစ်သည်။

တံတားတည်ဆောက်နေမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများက မတ် ၃၁ ရက်တွင် သွား‌ရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here