တနင်္သာရီတွင် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အား NUG လက်အောက်ခံအဖွဲ့များက ပစ်ခတ်ခဲ့သည့်အတွက် ခရီးသည် (၂) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရ

0
336

တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ်အတွင်း၌ မြတ်န္တလာထွန်း ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရပြီး (၆) နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ခရီးသည်နှစ်ဦး သေဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ (၁) ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှာ မှားယွင်းပစ်ခတ်မှု ဖြစ်ကြောင်း ပစ်ခတ်မှုကိုကျူးလွန်ခဲ့သည့်အဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဧပြီလ (၁) ရက် ည (၈) နာရီဝန်းကျင်က တနင်္သာရီမြို့နယ် လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာအကြားတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် (၆) နှစ်အရွယ် ကလေးငယ်(အမျိုး သမီး) နှင့် အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ယာဉ်မောင်းအပါအဝင် (၅) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသည့် ယာဉ်မှာ ကော့သောင်းမြို့မှ မောင်းနှင်လာသည့် မြတ်မန္တလာထွန်း Express ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်ဖြစ်ပြီး NUG လက်အောက်ခံ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ပစ်ခတ်ရခြင်းမှာ ‌ထိ‌တွေ့တိုက်ပွဲများ‌ကြောင့်သွားလာခွင့် တားမြစ်ထားသည့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့်အပြင် စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို ရပ်တန့်မပေးသည့်အတွက် တပ်မတော် စစ်ကြောင်းများ အသွင်ယူကာ သွားလာနေသည်ဟု ယူဆကာ မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီမြို့နယ်) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းအပါအဝင် သံဃာတော် (၂) ပါးနှင့် အခြားခရီးသွားပြည်သူ (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်များထံက သိရသည်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် ခရီးသွားပြည်သူများအား ပစ်ခတ်မှု ကျူးလွန်ခဲ့သည့်အဖွဲ့က ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ NUG လက်အောက်ခံ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုသည့် အဖွဲ့မှ မှားယွင်းပစ်ခတ်မိခြင်းကြောင့် အသက်ဆုံးရှုံးရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ အတွက် ဝမ်းနည်းကြေကွဲရကြောင်းနှင့် ယင်းဖြစ်ရပ်အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ထားသော်လည်း မည်ကဲ့သို့ တာဝန်ယူဖြေရှင်းမည်ကို ပြောကြားထားခြင်း မရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here