မော်လမြိုင်တွင် သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်တိုက်မိကာ ဆိုင်ကယ်မောင်းသူသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်၊ သုံးဘီးဆိုင်ကယ်သမား မောင်းပြေး

0
325

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ဘာဘူးကုန်းရပ်တွင် ဧပြီ (၂) ရက် ညပိုင်းက သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲမှ သိရသည်။

ယမန်နေ့ ညနေ (၆) နာရီဝန်းကျင်က မော်လမြိုင်မြို့ ၊ ဘာဘူးကုန်းရပ်၊ မော်လမြိုင် – ဘားအံ သွားကား လမ်းမကြီးပေါ်တွင် သုံးဘီးဆိုင်ကယ်နှင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ် တိုက်မိခဲ့ခြင်း ဖြစ်ကာ ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖုန်းသတင်းရတာနဲ့ သွားပြီး ကူညီပေးခဲ့ပါတယ်။ ဆိုင်ကယ်မောင်းတဲ့ လူကတော့ ထိခိုက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်။ ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံပို့ပြီးတော့ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးကိုလည်း မော်လမြိုင်ဆေးရုံကြီးကိုပဲ ပို့ခဲ့ပါတယ်။ အခုဆေးကုသမှု ခံယူနေပါတယ်”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

အခင်းဖြစ်စဉ်တွင် သုံးဘီးဆိုင်ကယ် မောင်းနှင်သူသည် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည့် အတွက် ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-Ko Bo Bo Win


LEAVE A REPLY

Please enter your comment!
Please enter your name here