အိန္ဒိယနိုင်ငံသို့ လာရောက်မည့်သူများ မိမိပါလာသည့် ဒေါ်လာပမာဏကို တရားဝင် ကြေညာထားရန်လိုအပ်

0
272

အိန္ဒိယနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်မည် မြန်မာနိုင်ငံသားများအနေဖြင့် မိမိယူဆောင်လာမည့် ဒေါ်လာပမာဏအား တရားဝင်ကြေညာခြင်း(Declaration) ပြုလုပ်ပြီးမှ ကိုင်ဆောင်ကြရန် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဧပြီလ (၃) ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဥပဒေအရ ခရီးသည်များအနေဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် တားမြစ် ပစ္စည်းများ၊ အကောက်ခွန်ပစ္စည်းများနှင့် သတ်မှတ်အခွန်ကင်းလွတ် ခွင့်ထက် ကျော်လွန်သည့် ပစ္စည်းများပါလာပါက လေဆိပ်ရှိ အကောက်ခွန်ရုံးတွင် တရားဝင်ကြေညာခြင်းကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

လတ်တလောတွင် ဗုဒ္ဓဂယာသို့ ဘုရားဖူးလာသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် ဂယာလေဆိပ်ရှိ လဝက Immigration authories များမှ စစ်ဆေးရာတွင် တရားဝင်ကြေညာထားခြင်း မရှိသည့် အမေရိကန်ဒေါ်လာ လက်ဝယ်တွေ့ရှိသူများအား စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းသည့် ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း သံရုံး၏ ကြေညာချက်အရ သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေသည့်အတွက် မြန်မာခရီးသွားများနှင့် ဆေးကုသရန် လာရောက်သူများအနေဖြင့် အိန္ဒိယနိုင်ငံ လေဆိပ်သို့ ဝင်ရောက်ချိန်တွင် မိမိယူဆောင်လာသည့် ဒေါ်လာပမာဏအား တရားဝင်ကြေညာပြီးမှသာ ကိုင်ဆောင်သုံးစွဲကြရန် မြန်မာသံရုံးက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here