နည်းပညာထိန်းချုပ်မှုတွင် ဂျပန်က အမေရိကန်ကို မကူညီရန် တရုတ်တိုက်တွန်း

0
135

နည်းပညာထိန်းချုပ်မှုများတွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ကို အားပေးကူညီမှုများမပြုလုပ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးအား တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့က တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာရာရှီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးကြရာတွင် ကျင်ဂန်းက ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဂျပန်တို့၏အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကို ရက်စက်စွာဖိနှိပ်ရန်အတွက် အမေရိကန်က အနိုင်ကျင့်သည့် နည်းပရိယာယ်ကို အသုံးပြုခဲ့သလိုပင် ယခုအခါလည်း သူ၏ နည်းဟောင်းဖြင့် တရုတ်နိုင်ငံအပေါ် လုပ်ဆောင်နေကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ယင်းကိစ္စကို ကိုယ်တွေ့ခံစားခဲ့ရသဖြင့် ထိုသို့ပြုလုပ်ရန် စီစဉ်ခြင်းအပေါ်တွင် အမေရိကန်ကို မကူညီသင့်ကြောင်း၊ အကယ်၍ ကန့်သတ်ပိတ်ပင်မှုများပြုလုပ်မည်ဆိုပါကလည်း တရုတ်နိုင်ငံ၏ မိမိကိုယ်မိမိအားထားရန်သန္နိဌာန်ကို ပိုမိုလှုံ့ဆော်ပေးလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပိုမိုပံ့ပိုးကူညီရန်ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံမှုတွင် တရုတ်နိုင်ငံက ပေကျင်းတွင် ထိန်းသိမ်းထားသော ဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအားပြန်လွှတ်ပေးရန်နှင့်၊ ဂျပန်ကောင်စစ်ဝန်ထံသို့ လာရောက်လည်ပတ်ခွင့်ပြုရန် ကိစ္စရပ်လည်းပါဝင်ကြောင်းသိရသည်။ အဆိုပါ ထိန်းသိမ်းထားသူကို ပြန်လွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကလည်း တောင်းဆိုထားသည်။

ယခုရက်များအတွင်း အာရှနိုင်ငံများမှ အကြီးအကဲများသည် တရုတ်နိုင်သို့ တရားဝင်အလည်အပတ်ခရီးများဖြင့် ဆက်တိုက်ဆိုသလိုရောက်ရှိနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here