တစ်ဘူးကို ဒေါ်လာ ၃၀ ကျော်ကျသင့်မယ့် အီလွန်မတ်စ်ရဲ့ တက်စ်လာ ဘီယာ

0
167

ဘီလျံနာသူဌေးကြီး အီလွန်မတ်စ် ဟာ တစ်ဘူးကို ဒေါ်လာ ၃၀ ကျော် ကျသင့်မယ့် တက်စ်လာဘီယာတွေကို ဥရောပမှာ စတင်ရောင်းချနေပါပြီ။ တက်စ်လာကုမ္ပဏီကနေ ထုတ်လုပ်ရောင်းချတဲ့ အဲဒီဘီယာကို “GigaBier” ဆိုပြီး နာမည်ပေးထားပါတယ်။ ၃ ဘူး တစ်တွဲ ရောင်းချမှာ ဖြစ်ပြီး ၉၇ ဒေါ်လာ ကျသင့်မှာပါ။

GigaBier ကို ဂျာမနီမှာ ချက်လုပ်ပြီး ဥရောပမှာ ရောင်းချနေပြီလို့ တက်စ်လာ က ကြေညာခဲ့ပါတယ်။ GigaBier ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဆောက်လုပ်ခဲ့တဲ့ တက်စ်လာရဲ့ ဧရာမကားစက်ရုံ ဖွင့်ပွဲကို ဂုဏ်ပြုဖို့အတွက် ၂၀၂၁ ခုနှစ် အောက်တိုလမှာ စတင်မိတ်ဆက်ခဲ့တာပါ။

တက်စ်လာ ဘီယာကို ဥရောပမှာပဲ ဝယ်ယူလို့ရမှာဖြစ်ပြီး ဘူးအရွယ်အစားကတော့ ၃၃၀ မီလီလီတာ ပဲရှိပါတယ်။ ဒါပေမဲ့ ဘူးဒီဇိုင်းကတော့ သာမန်ဘီယာတွေနဲ့ ကွဲထွက်နေပါတယ်။

အီလွန်မတ်စ်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း မက္ကဆီကို အရက်တစ်မျိုးဖြစ်တဲ့ တက်ကီလာ ကို တက်စ်လာကီလာ လို့ အမည်ပေးပြီး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ တစ်ပုလင်းကို ဒေါ်လာ ၂၅၀ ရှိခဲ့ပေမယ့် အကန့်အသက်နဲ့ ရောင်းချခဲ့တာကြောင့် နာရီပိုင်းအတွင်း ရောင်းကုန်သွားတယ်လို့ သိရပါတယ်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here