ကမ္ဘာ့ရွှေဈေး ၂၀၀၀ ကျော်အထိမြင့်တက်လာပြီး ရန်ကုန်ရွှေအသင်းရည်ညွှန်းဈေး (၂၄) သိန်းနီးပါးအထိမြင့်တက်လာ

0
424

လတ်တလောတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာပြီး အသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း ၂၄ သိန်းနီးပါးအထိ ဈေးတင်သတ်မှတ်လာသည်ကို တွေ့ရသည်။

ယနေ့ ဧပြီလ (၅) ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ (၂၀၂၅) ဒေါ်လာဖြစ်ပြီး ရန်ကုန်‌ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၃၈၅၇၀၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရည်ညွှန်းဈေးနှုန်းမှာ ယမန်နေ့က ဈေးကွက်ပိတ်ချိန် သတ်မှတ်ခဲ့သည့် ရည်ညွှန်းဈေး ၂၃၃၅၀၀၀ နှင့် နှိုင်း ယှဉ်ပါက ၅၀၀၀၀ ခန့် မြင်တက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းခဲ့သည့်အတွက် ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သော်လည်း လက်တွေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ထပ်မံမြင့်တက်လာခြင်းလည်း ဖြစ်သည်။

အကယ်၍ ကမ္ဘာ့ရွှေ ဈေးနှုန်းကျဆင်းခဲ့ပါက လာမည့် သင်္ကြန်ကာလအတွင်း မြန်မာ့ရွှေဈေးနှုန်းပါ လိုက်ကျလာနိုင်ကြောင်း ခန့်မှန်းမှုများရှိခဲ့သော်လည်း လက်ရှိတွင် (၂၉) သိန်းအထက်၌သာ ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေး အတက်အကျ ဂယက်ကြောင့် ပြည်တွင်း ရွှေဈေး အလှုပ်အခတ်အနည်းငယ် ရှိနေသော်လည်း ပြည်တွင်း ရွှေဈေးကွက်တွင် အရောင်းအဝယ်အေးလျက်ရှိနေကြောင်းလည်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ယနေ့ ဧပြီလ (၅) ရက် ရန်ကုန်ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သည့် ပြည်တွင်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၉၆၀၀၀၀ ကျပ် ဝန်းကျင်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here