မီဒီယာသည် မဏ္ဍိုင်ကြီး ၃ ခုအား မယိမ်းမယိုင်စေရန်တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုဖြစ်

0
224

အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးနှင့်စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ဟန်ချက်ညီရန် အရေးကြီးခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊တောင်ညိုမြို့တွင်ကျင်းပခဲ့သည့် မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ် မြောက် နှစ်ပတ် လည်နေ့အခမ်း အနားသို့ နစက ဥက္ကဋ္ဌတက်ရောက် ၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ နိုင်ငံတော်တည် ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ဟန်ချက်ညီရန် အရေးကြီးသည်ဟု ဆိုသည်။

“မီဒီယာဟာ မဏ္ဍိုင်ကြီး ၃ ခုကို မယိမ်းမယိုင်စေဖို့ တည့်မတ်ပေးတဲ့ မဏ္ဍိုင်တစ်ခုဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ပြည်သူတွေရဲ့အသံကိုပီပြင်အောင်လုပ်နိုင်တဲ့အရာဟာ မီဒီယာဖြစ်သလို အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေသိရှိလာအောင် ဆောင်ရွက်ရာမှာလည်း မီဒီယာက အဓိကဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နစက မှနိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူထားရသည့်ကာလအတွင်း ပြည်တွင်း၊ပြည်ပရှိ ကျင့်ဝတ်မဲ့မီဒီယာမျိုးစုံက နည်းလမ်းပေါင်းစုံနှင့်ထိုးနှက်တိုက်ခိုက်လျက်ရှိကာ အချို့ သတင်းမီဒီယာများသည် တိကျမှုဘက်မလိုက်မှု၊မျှတမှုစသည့် မီဒီယာကျင့်ဝတ်များကို လိုက်နာမှုမရှိ၊ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်းများဖော်ပြနေသည်ဟု ဆိုသည်။

မိမိတို့နိုင်ငံတော်တာ ဝန်ရယူချိန်မှစ၍ ယနေ့အထိ အမျိုးသားအကျိုး စီးပွားကိုရှေးရှုသည့် ဆောင်ရွက်ချက်များကို နေ့စဉ်ထုတ်သတင်းစာများနှင့်မြဝတီရုပ်မြင်သံ ကြားအပြင် နိုင်ငံပိုင်သတင်းဌာနကြီးများတွင်ပါဖော်ပြပေးလျက်ရှိပြီး မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို နိုင်ငံပိုင်မီဒီယာများ၊တပ်မတော်မီဒီယာများက သတင်းမှန်များနှင့်တုံ့ ပြန်လုပ်ဆောင်ရမည်ဖြစ်ပြီး သမာသမတ်ကျသည့် ပြည်တွင်း၊ပြည်ပမီဒီယာများ၏ “အား”ကိုလည်းရယူရမည်ဟု ဆိုသည်။

“ယနေ့ ၂၁ ရာစုမှာ သတင်းစီးဆင်းမှုနှုန်း မြန်ဆန်တာကြောင့် အချိန်နဲ့အမျှပြောင်းလဲဖြစ်ထွန်းမှုနောက်ကို မီဒီယာအားကောင်းကောင်းနဲ့လိုက်ပါနိုင်စွမ်းရှိဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မည်သူတစ်ဦးတစ်ယောက် ၏ တိုက်တွန်းချက်နှိုးဆော်ချက်မပါဘဲ သမိုင်းစဉ်ဆက် နိုင်ငံအကျိုး၊ပြည်သူအကျိုးကိုသာမျှော် မှန်းဆောင်ရွက်ခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here