ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အိမ်စီးကား ရှေ့ဘီးကျွတ်ကာ တိမ်းမှောက်ရာမှ (၁) ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရ

0
236

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး (ဘောနတ်ကြီး အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်) မိုင်တိုင်အမှတ် (၄၅/၀) နှင့် (၄၅/၁) ကြားတွင် ယနေ့ ဧပြီ (၆) ရက် နံနက်ပိုင်းက Isuzu Bighorn အမျိုးအစား အိမ်စီးယာဉ်တစ်စီး ရှေ့ဘီးကျွတ်ထွက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၁၀) နာရီ ဝန်းကျင်အချိန်တွင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၅) ဦး စုစုပေါင်း (၈) ဦးခန့်လိုက်ပါလာသည့် Isuzu Bighorn ကားသည် အခင်းဖြစ်နေရာအရောက် ရှေ့ညာဘက်ဘီးကျွတ်ထွက်ပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တိမ်းမှောက်သွားခဲ့သည့်အတွက် ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ဘောနတ်ကြီးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်ကာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရ ကြောင်း သိရသည်။

“ကားက အတော်ကြီးကို ပျက်စီးသွားတာ။ အရှိနဲ့မောင်းလာတဲ့အချိန် ရှေ့ဘီးကျွတ်ထွက်သွားတော့ ဘယ်လိုမှထိန်းမရတော့ဘဲ အတော်ဆိုးဆိုးမှောက်သွားတာပါ။ ဒါ့ကြောင့် ခရီးဝေး ထွက်တော့မယ်ဆိုရင် ကားကိုသေချာစစ်ဆေးသင့်တယ်”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိကူညီခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသမီး (၁)ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား (၁) ဦးနှင့်အမျိုးသမီး (၂)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here