တရားမဝင် ဓာတ်အားသုံးစွဲသူများအား ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေဖြင့် တရားစွဲဆိုမည်ဟုဆို

0
175

နိုင်ငံတော်မှ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲနေမှုများအား ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ပြောသည်။

ဧပြီလ (၆) ရက်က ထုတ်ပြန်လာသည့် YESC ၏ အသိပေးချက်တွင် လျှပ်စစ်တရားဝင်သုံးခွင့်ရှိသူအချို့နှင့် ပြုထားသူအချို့နှင့် တရားဝင်ဓာတ်အားသုံးစွဲခွင့် မရှိသေးသူအချို့သည် မသမာသည့် နည်းလမ်းများဖြင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိကာလအတွင်း နိုင်ငံတဝန်း ဓာတ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ယခုလိုထုတ်ပြန်လာခြင်းဖြစ်ပြီး တရားမဝင် ဓာတ်အားသုံးစွဲသူများကို ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေ ပုဒ်မ(၅၂)၊ (၅၃) ဖြင့် အရေးယူမည်ဟုလည်း ဆိုသည်။

ယင်း ဥပဒေပုဒ်မဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပါက ငွေဒဏ်အပြင် ထောင်ဒဏ်အနည်းဆုံး (၅) နှစ်မှအများဆုံး (၁၀) နှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း YESC ကအသိပေးထားသည်။

လက်ရှိတွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကြောင့် ဓာတ်အားပျောက်ဆုံးမှုများ၊ ဗို့အားကျဆင်းမှုများ၊ ထရန်စဖော်မာများမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုများ၊ ဓာတ်လိုက်မှုအန္တ ရာယ်များ၊မီးဘေးအန္တရာယ်များနှင့် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့နည်းကျဆင်းမှုများဖြစ်ပေါ်လျက်ရှိ‌ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ထို့အပြင် တရားမဝင် လျှပ်စစ်ဓာတ်အား ယူငင်သုံးစွဲမှုများကြောင့် ဓာတ်အားချို့ယွင်းမှုများ ဖြစ်ပေါ်ပါက တရားဝင်ဓာတ်အား သုံးစွဲသူများအတွက်လည်း အနှောင့်အယှက်များ ဖြစ်ပေါ်စေကြောင်း YESC ၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ကြောင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများအား လျှပ်စစ်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး တရားမဝင် ဓာတ်အားသုံးစွဲမှုများအား စစ်ဆေးတွေ့ရှိပါက မီးသုံးစွဲသူ ကာယကံရှင်နှင့်အတူ ပူးပေါင်းကြံစည်ပါဝင်လုပ်ဆောင်သူများကို ဓာတ်အားဖြတ်တောက်ခြင်း၊လျော်ကြေးငွေအား တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here