တစ်ဦးတည်းနေထိုင်သည့် ကျောင်းဆရာမအား သတ်ဖြတ်ကာ ငွေနှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသည့်ဖြစ်စဉ် ရေနံချောင်းမြို့နယ်တွင်ဖြစ်ပွား

0
166

မကွေးတိုင်း၊ ရေနံချောင်းမြိုနယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ဂျုပ်ပင်ကျေးရွာတွင် တစ်ဦးတည်းနေထိုင်သည့် ကျောင်းဆရာမ ဒေါ်နုနုသီ(၅၆)နှစ်သည် ဧပြီ (၆) ရက်ည (၈) နာရီခွဲဝန်းကျင်အချိန်က ၎င်း၏ နေအိမ်တွင် သတ်ဖြတ်ခံခဲ့ရပြီး ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများ လုယက်ယူဆောင်သွားခြင်းခံခဲ့ရကြောင်း သိရသည်။

“သေဆုံးသွားတဲ့ ဆရာမက အဲဒီအိမ်မှာ တစ်ယောက်တည်းနေတာ။ လက်ဝတ်လက်စားတွေကော ပိုက်ဆံတွေကောပျောက်ဆုံးနေတယ်။ အခု သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ စုံစမ်းစစ် ဆေးတာတွေလည်း လုပ်နေတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သေဆုံးသူ ဆရာမဒေါ်နုနုသီသည် နေအိမ်အိပ်ခန်းအတွင်း၌ လည်စေ့နှင့် လည်ပင်းဘေးရိုးတွင် ညိုမည်း ဒဏ်ရာ၊ ညာဘက်လက်ခလယ်နှင့် လက်သူကြွယ်တို့တွင် ပွန်းခြစ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရည်။

အခင်းဖြစ်စဉ်တွင် သေဆုံးသူ ဝတ်ဆင်ထားသည့် ကျောက်အဖြူရောင်ပါ နားကပ် (၁) ရံ၊ သံကွင်းဆက် ရွှေဆွဲကြိုး (၁) ကျပ်သားခန့် (၁) ကုံး၊ ကျောက်အဖြူရောင်ပါ ရွှေဆွဲသီး (၁) ခု၊ အခေါက်ရွှေလက်စွပ် (၁) မတ်သားခန့် (၁) ကွင်း၊ နေအိမ်အိပ်ခန်း အတွင်းရှိ မီးခံသေတ္တာအတွင်း ထည့်ထားသော ရွှေ (၂၀) ကျပ်သားခန့်၊ ငွေကျပ် (၃) သိန်းခန့်နှင့် ဖုန်း (၁) လုံးတို့လည်း ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရှိခဲ့ရ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here