ယခုနှစ် ဖရဲ၊ သခွားရာသီတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှ စံချိန်တင် ဈေးအမြင့်ဆုံးရရှိခဲ့

0
157

ယခုနှစ်ဖရဲ၊ သခွားရာသီအချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရောင်းချသည့် ဖရဲနှင့် သခွားဈေးနှုန်းများ စံချိန်တင်ဈေးရခဲ့ကြောင်း တရုတ် – မြန်မာနယ်စပ် သစ်သီးဝလံ ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

” နယ်စပ်မှာတော့ ဖရဲ၊ သခွားဈေးကွက်က ကောင်းပါတယ်။ ရာသီချိန်ကုန်တော့မှာ ဖြစ်တဲ့အတွက် ကားအစီးရေလည်း နည်းနည်းတော့ နည်းသွားတယ်။ ဈေးကလည်း နည်းနည်းတော့ ကျတယ်။ ဒီနှစ်ဖရဲ၊ သခွားရာသီမှာ သမိုင်းတစ်လျှောက်လုံး စံချိန်တင်ဈေးအများဆုံးရခဲ့တယ်။ တင်ပို့မှုက မနှစ်ကထက်တော့ လျော့ကျသွားပေမယ့် ဈေးကတော့ အမြင့်ဆုံးကို ရခဲ့တယ်”ဟု မူဆယ် ၁၀၅ မိုင် မှ တရုတ်သို့ ဖရဲ၊ သခွားတင်ပို့သူတစ်ဦးဖြစ်သည့် ကုန်သည် ကိုသူရမျိုးက ပြောသည်။

ယခုနှစ် ဖရဲသခွားရာသီအစတွင် ဖရဲဈေးနှုန်းအနေဖြင့် တစ်ကီလိုလျင် တရုတ်ငွေ ၃.၅ ယွမ်မှ ၅ ယွမ် ဝန်းကျင်အထိ ဈေးအစားစား ရှိပြီး သခွားမွှေးဈေးနှုန်းမှာ တစ်ကီလိုလျင် ၄.၅ ယွမ်မှ ၆ ယွမ် ဝန်းကျင်အထိ ဈေးပေါက်ခဲ့ပြီး ယခင်နှစ်များထက် သိသိသာသာဈေးပိုရရှိခဲ့ခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ဖရဲ၊ သခွားရာသီသည် နိုဝင်ဘာလမှ ဧပြီလထိဖြစ်ပြီး ဖရဲသခွားဈေးနှုန်းမှာ အရည်အသွေးကောင်းသည့် ရောင်းတန်းဝင် ဖရဲ (၁၂) ဘီးကားတစ်စီးလျှင် မြန်မာငွေ သိန်း ၅၀၀ ဝန်းကျင်အထိ ဈေးရရှိခဲ့ပြီး တစ်စီးလျှင် အလုံး ရေ ၁၅၀၀ ဝန်းကျင်အထိပါကြောင်း သိရသည်။

မြန်မာဖက်အခြမ်းမှ တရုတ်နိုင်ငံဖက်သို့ ဖရဲကား ဝင်ရောက်မှုအနေဖြင့် ရာသီအစတွင် နေ့စဉ်အစီးရေ ၂၀၀ ဝန်းကျင်ဝင်ရောက်ခဲ့ပြီး လက်ရှိ ရာသီချိန်ကုန်ခါနီးတွင် တစ်ရက်လျင် အစီးရေ ၅၀ ဝန်းကျင်သာ ဝင်ရောက်မှုရှိကြောင်း သိရသည်။

မူဆယ်မှ တဆင့် တရုတ်နိုင်ငံဈေးကွက်သို့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ မွန်၊ ရန်ကုန် အစရှိသည့် ဒေသ အသီးသီးက ဖရဲသခွား သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ လာမည့် ဧပြီလဆန်းပိုင်းတွင် ရာသီကုန်မည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ (၇)ရက် ဈေးကွက်ပေါက်ဈေးအရ သခွား‌မွှေးဈေးနှုန်းမှာ တစ်ကီလိုလျင် အမြင့်ဆုံး ၇.၅ ယွမ်ဖြစ်ပြီး၊ ဖရဲတစ်ကီလိုလျင် တရုတ်ငွေ (၄) ယွမ် ဝန်းကျင် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here