ဘတ်ဈေးနှုန်းနှင့် ငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းပြောင်းဈေးမြင့်တက်လာ

0
226

ထိုင်းဘတ်ဈေးနှုန်းနှင့် ငွေလဲနှုန်းတက်လာသည့်အတွက် ပြည်တွင်းပြောင်းဈေးမြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ပြောင်းကို အခွန်ကင်းလွတ်ခွင့်ဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြောင်းဈေးတက်နေသည့်အပြင် မြန်မာငွေဈေးကျကာ ထိုင်းဘတ်ငွေ မြင့်တက်နေသည့်အတွက် ပြည်တွင်းပြောင်းဈေးမှာ မြင့်တက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လတွင် ရန်ကုန်ဈေး ပြောင်း တစ်ပိဿာလျှင် ၁၁၇၀ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ ပြောင်းတစ်ပိဿာလျှင် ၁၂၀၀ ကျော် ထိတက်လာကြောင်းသိရသည်။ ယင်းအပြင် ထိုင်းနိုင်ငံတွင်  ပြောင်း ၁၅ ကီလို တစ်ပုံးလျှင် ၁၇၀ ဘတ်ကျော်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ပြည်တွင်းမှ ပြောင်းစေ့များကို ထိုင်းနိုင်ငံသို့ အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ တင်သွင်းခွင့်ပေးထာခြင်းဖြစ်ပြီး နှစ်စဉ် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် တစ်နှစ်လျှင်၂ သန်းခွဲဝန်းကျင်ရှိပြီး ထိုင်း နှင့်တရုတ်သို့ အဓိကတင်ပို့ကာ ပင်လယ်ရေကြောင်းမှ တဆင့် normal trade အနေဖြင့် အိန္ဒိယ နှင့် ဗီယမ်နမ်ဘက်သို့အနည်းငယ်သာ တင်ပို့နေကြောင်း သိရသည်။

ပြည်ပသို့ ပြောင်းတင်ပို့မှုတွင် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းကနေ အများဆုံးတင်ပို့ထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြောင်းတင်ပို့မှုမှာ တိုးလာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here