ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

0
112

တိုင်ပေ၊ ဧပြီ ၈

တရုတ်နိုင်ငံသည် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ကယ်ဗင် မက္ကာသီ တို့၏ တွေ့ဆုံပွဲကို အမျက်ထွက်ကြောင်း ပြသသည့်အနေဖြင့် ဧပြီလ ၈ ရက် စနေနေ့တွင် ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ် အမေရိကမှ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ အရှေ့ပိုင်း စစ်ဌာနချုပ်က ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ် ခွဲထွက်ရေး တပ်ဖွဲ့တွေနဲ့ ပြည်ပ တပ်ဖွဲ့တွေရဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ ရန်စမှုတွေကို ရပ်တန့်ဖို့ အလေးအနက် သတိပေးချက်တာဖြစ်ပြီး ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်” ဟု တရုတ်ဘက်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုလုပ်ဆောင်ချက်များကို တည်တည်ငြိမ်ငြိမ်နှင့် သတိကြီးကြီးထား၍ တုံ့ပြန်သွားမည်ဟု ပြောလာသည်။

ထိုင်ဝမ်ရေလက်ကြားသည် ပေလိုစီ၏ ခရီးစဉ်အပြီး ဖြစ်ပွားခဲ့သော ပဋိပက္ခများပြီးနောက် ယခုအခါ နောက်တစ်ကြိမ် ပြန်လည်တင်းမာလာနေသည်။ တရုတ်ဘက်က အကြိမ်ကြိမ်သတိပေးနေသည့်ကြား စိုင်နှင့် မက္ကာသီတို့ တွေ့ဆုံခဲ့ကြသဖြင့် ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခြင်းကို ခံနေရသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ သို့ရာတွင် တရုတ်နှင့် ထိုင်ဝမ် တပ်ဖွဲ့တို့ကြား အခြေအနေ ပိုမိုပြင်းထန်လာခြင်း ရှိ၊ မရှိကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here