အာဆီယံအတွင်းရေးမှူးချုပ်နှင့်မြန်မာနိုင်ငံဆိုင်ရာကုလအထူးသံတမန်တို့ မြန်မာ့အရေးဆွေးနွေး

0
243

ဖနွမ်းပင်၊ဧပြီ ၉

အာဆီယံအတွင်းရေးမှူးချုပ်မစ္စတာ Kao Kim Hourn သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာနိုလင်းဟေဇာအား ပြီးခဲ့သည့်ကြာသပတေးနေ့က အာဆီယံအတွင်းရေးမှူးချုပ်ရုံးချုပ်၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံချိန်၌ နှစ်ဖက်စလုံးသည် အာဆီယံနှင့်ကုလတို့၏ မြန်မာ့အရေးအတွက် ဒေသတွင်းကြိုးပမ်းအားထုတ်မှုများအကြောင်း ဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းသိရသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံများ၏ ဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ရာ၌ ပံ့ပိုးကူညီရေးနှင့် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးနှင့် လက်တွဲဆောင်ရွက်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ယင်းနောက် မြန်မာနိုင်ငံရှိလိုအပ်နေသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အာဆီယံဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း မစ္စတာ Kao ကပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအားအဓိကအခန်းကဏ္ဍမှဖြေရှင်းခွင့်ပေးသည့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂတို့ကိုလည်းကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာ၌ကျင်းပသော ဒေသတွင်းခေါင်းဆောင်များအစည်းအဝေး၌ မြန်မာ့အကျပ်အတည်းကူညီဖြေရှင်းရန်အတွက် ချမှတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here