လာမည့်အပတ်၌ ဗီယက်နမ်သို့ ကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်မည်

0
115

ဟနွိုင်း၊ဧပြီ ၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် ဝါရှင်တန်နှင့်ဟနွိုင်း၏ သံတမန်ဆက်ဆံရေးကို ပိုမိုမြင့်မားစေရန်အဆင့်မြှင့်တင်သည့်ကြိုးပမ်းမှုအနေဖြင့် လာမည့်သီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ အထက်လွှတ်တော်အမတ် ဂျက်ဖ်မာကလေကပြောကြားခဲ့သည်။

မစ္စတာဘလင်ကန်၏ဗီယက်နမ်ခရီးစဉ်သည် ပြီးခဲ့သည့်သီတင်းပတ်က ဗီယက်နမ်အာဏာရကွန်မြူနစ်ပါတီအကြီးအကဲနှင့် ကန်သမ္မတဘိုင်ဒင်တို့၏ ဖုန်းဖြင့်ဆွေးနွေးမှုအပြီး၌ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

ဇူလိုင်လတွင်ကျရောက်မည့် ဗီယက်နမ်နှင့်ဘက်စုံပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်နှစ်ပတ်လည်နေ့နှင့်တိုက်ဆိုင်ကာ အမေရိကအနေဖြင့် ယခုနှစ်အတွင်း ဟနွိုင်းနှင့်ဆက်ဆံရေးကိုအဆင့်မြှင့်တင်ရန်မျှော်လင့်ထားကြောင်းလည်းသိရသည်။

သမ္မတဘိုင်ဒင်နှင့်ဗီယက်နမ်ပါတီအကြီးအကဲတို့၏ဖုန်းဖြင့်ပြောဆိုဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်သဘောတူညီခဲ့ကြသော်လည်း ဆက်ဆံရေးအဆင့်မြှင့်တင်ရန်ကိုမူ တရားဝင် ဖော်ပြခြင်းမရှိခဲ့ကြပေ။

ဗီယက်နမ်အနေဖြင့် တရုတ်နှင့်တင်းမာမှုမြင့်တက်လာနိုင်ချေကိုထောက်ရှုကာ အမေရိကနှင့်တရားဝင်သံတမန်ဆက်ဆံရေးမြှင့်တင်ရန် သတိကြီးကြီးထားဆောင်ရွက်လိမ့်မည်ဟုလည်းကျွမ်းကျင်သူများကသုံးသပ်ကြသည်။

လက်ရှိတွင် အမေရိကသည်ဗီယက်နမ်၏အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သော်လည်း သံတမန်ရေးအရမူ တတိယအဆင့်၌သာရှိနေသေးကာ ဗီယက်နမ်၏ထိပ်တန်းအဆင့် သံတမန် ဆက်ဆံရေး နိုင်ငံများမှာ တရုတ်၊ရုရှား၊အိန္ဒိယနှင့်တောင်ကိုရီးယားတို့ဖြစ်ကြသည်။

ဒုတိယအဆင့်သံတမန် ဆက်ဆံရေး နိုင်ငံများမှာ ဥရောပနိုင်ငံများနှင့်ဂျပန်တို့ဖြစ်ကြပြီး အမေရိကသည် ဗီယက်နမ်၏ဒုတိယအဆင့်သံတမန် ဆက်ဆံရေး နိုင်ငံနေရာအား ရယူရန်ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

Source : Reuters
Photo: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here