ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အိမ်စီးကား (၁)စီး လမ်းဘေးရှိ အတားအဆီးများအား ဝင်တိုက်ကာ ကားမီးလောင်ပြီး ယာဉ်ပေါ်ပါ ကျား (၃) ဦး‌သေဆုံး

0
157

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပြင်စည်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၃၂၅/၆ နှင့် ၃၂၅/၇ ကြားတွင် ဧပြီ ၁၀ ရက်(ယနေ့)နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း အမျိုးသား ၃ ဦးစီးနင်းလိုက်ပါလာသည့် Honda Civic ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ကာရံထားသည့် ဘယ်ရီယာတုံးများအားတိုက်မိပြီးနောက် လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ မီးလောင်ကျွမ်းခဲ့‌ကြောင်း သိရသည်။

“အရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးတွေတိုက်မိပြီး ချက်ခြင်းမီးထလောင်တော့ လိုက်လာတဲ့ ၃ ယောက်လုံးမထွက်နိုင်တော့ဘဲ မီးလောင်ခံလိုက်ရပြီး သေဆုံးသွားတာလို့ မီးသတ်တပ်ဖွဲ့ကသုံးသပ်ထားတယ် ကားကတစ်စီးလုံးမီးလောင်ပျက်စီးသွားတယ် လတ်တလော မိသားစုဝင်တွေနဲ့အဆက်အသွယ်ရဖို့ချိတ်ဆက်နေကြပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက မီးသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများအား အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ နွားထိုးကြီးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here