ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်းတွင် ယနေ့ ဧပြီ (၁၀) ရက် နေ့လယ်ပိုင်းက စက်ဘီးနင်းလာသည့် အမျိုးသား (၁) ဦး ရုတ်တရက်လဲကျသေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ သိရသည်။
သေဆုံးသူသည် အသက် (၄၇) နှစ်အရွယ်ရှိပြီဖြစ်ပြီး လှည်းကူးမြို့မှ စက်ဘီးနင်းလာကာ ပြန်လာခြင်းဖြစ်ကာ အခင်းဖြစ်နေရာအရောက်တွင် ရုတ်တရက်စက်ဘီးလဲကျကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့အိမ်နားမှာပဲ ဖြစ်သွားတာပါ ။ ကျန်းမာရေးလိုက်စားတယ်။ စက်ဘီးပုံမှန်နင်းတယ်လို့ သိထားပါတယ်။ တစ်ခုပဲ သေဆုံးသူမှာက နှလုံးရောဂါအခံရှိတယ်လို့ ပြန်သိရတယ် ။ သူ့မိသားစုဝင်တွေနဲ့ ချက်ခြင်းအဆက်အသွယ်ရပါတယ် ။ဒီနေ့လှည်းကူးကို အသွားအပြန် စက်ဘီးနင်းပြီး ပြန်လာတဲ့ အချိန်မှာဖြစ်သွားတာပါ”ဟု မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။