ကချင်ပြည်နယ်တွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် (၆) ဒီကရီစင်တီဂရိတ် မြင့်တက်၊ ကျန်တိုင်းဒေသကြီးအချို့တွင်လည်း ပျမ်းမျှအပူချိန်ထက် ပိုမိုမြင့်တက်ခဲ့

0
134

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ထက် (၂) ဒီဂရီစင်တီဂရိတ်ပိုမို မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ဧပြီလ (၁၀) ရက် နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၆) ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာရှိခဲ့ပြီး ထူးခြားသည့် နေ့အပူချိန်များမှာ ဘော်လခဲမြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်နှင့် မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ လှိုင်းတက်မြို့၊ ချောက်မြို့၊ အောင်လံမြို့၊ ဂန့်ဂေါမြို့၊ ဆင်ဖြူကျွန်းမြို့၊ ပြည်မြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဧပြီလ (၁၀) ရက် ရန်ကုန်မြို့၏ နေ့အပူချိန်မှာ (၃၈) ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် ဧပြီလ (၁၁) ရက်အထိ မိုးရွာသွန်းနိုင်မှု အခြေအနေများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here