မန္တလေးမြို့ပေါ်ရှိသင်္ကြန်မဏ္ဍပ်များအား ဖောက်ခွဲဖျက်ဆီးရန်စီစဉ်နေသည့် Special Task Force – STF PDF အဖွဲ့ဝင် ၄ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းမိ

0
211

သင်္ကြန်ကာလအတွင်း၌ မန္တလေးမြို့ပေါ်ရှိ မဏ္ဍပ်များအား ဖောက်ခွဲဖျက်ဆီးရန်စီစဥ်နေသည့် Special Task Force – STF PDF အဖွဲ့ဝင် ၄ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဧပြီ ၆ ရက်မှစတင်၍ လုံခြုံရေးအဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် Special Task Force – STF PDF အဖွဲ့ဝင်ဖြစ်သည့် ဇော်မင်းသိန်း(ခ)မြတ်သူအား ဧပြီ ၆ ရက်ညပိုင်းက ချမ်းမြသာစည်မြို့ နယ်၊ကန်သာယာရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်း ကြား၊ ၁၁၇(E)လမ်းရှိ မြရည်နန္ဒာအိမ်ရာတွင် စတင်ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဧပြီ ၇ ရက်နံနက်ပိုင်းတွင် Special Task Force – STF PDF အဖွဲ့ခေါင်းဆောင် အီဗန်အားဖမ်းဆီးရန် ချမ်းအေးသာဇံမြို့နယ်၊ ၇၂ လမ်း၊ ၃၉ လမ်းနှင့်လမ်း ၄၀ ကြားရှိ “ငြိမ်းသာယာ”အဆောင်ကိုဝင်ရောက်စစ်ဆေးရာ အဖွဲ့ခေါင်းဆောင် အီဗန်အားမတွေ့ရှိရဘဲ အဖွဲ့ဝင်များဖြစ်သည့် နန်းမျိုးအောင်နှင့်ရှိုင်းဝဏ္ဏထွန်း(ခ) ရှိုင်းရှိုင်း(ခ)ကတုံးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဧပြီ ၈ ရက်နံနက်ပိုင်းတွင်လည်း Royal Phoenix Guerilla Force PDF အဖွဲ့ဝင်များနှင့် Special Task Force – STF PDF အဖွဲ့ဝင်များ စစ်ကိုင်းမြို့နယ်၊အုတ်ဖိုကျေးရွာစာသင်ကျောင်းနှင့်ကျေးရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်တွင်ရောက်ရှိနေ၍ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာမှ ပြည်ကြီးတံခွန်မြို့နယ်နေ သော်တာထွန်းအားထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှ အမျိုးသား ၄ ဦးအား Glock ပစ္စတို ၁ လက်၊ FGC- 9 ၁ လက်၊လက်လုပ်သေနတ် ၁၁ လက်၊လက်လုပ်ပစ္စတို ၃ လက်၊လက်လုပ် စိန်ပြောင်း ၁ လက်၊ကျည်အိမ် ၆ ခု၊ ၉ မမကျည် ၁၃ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၅ တောင့်၊ကျည်မျိုးစုံ ၁၁၅ တောင့်၊တရုတ်လက်ပစ်ဗုံး ၈၁ လုံး၊ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊လက်လုပ်စိန်ပြောင်းဗုံးသီး ၂၈ လုံး၊လက်လုပ်မိုင်း ၁၅ လုံး၊လက်လုပ် Drop ဗုံး ၅ လုံး၊ယမ်းမှုန့် ၂၀ ပိဿာ၊ယမ်းကြိုး ၇၀ ပေ၊ဒီတိုနေတာ ၁၀၀ ချောင်း၊မှန်ပြောင်း ၁ လက်၊ကျည်ကာအင်္ကျီ ၁ ထည်၊ကျည်ကာဦးထုပ် ၁ လုံး၊လမ်း လျှောက်စကားပြောစက် ၄ လုံး၊ပြောက်ကျားယူနီဖောင်း ၆၀ စုံ၊ပြောက်ကျားလည်တိုဖိနပ် ၂၀ ရံ၊ဆေးပစ္စည်းမျိုးစုံ ၂ ဖာ၊ဆိုင်ကယ် ၉ စီး၊သံဖြတ်စက်/ဖောက်စက် ၇ လုံး၊လက်ထိပ် ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ မန္တလေးမြို့ပေါ်၌ ၎င်းတို့ကျူးလွန်ခဲ့သည့် လုပ်ကြံသတ်ဖြတ်ခဲ့မှုများနှင့်ဖောက်ခွဲဖျက်ဆီးခဲ့မှုများ၊သင်္ကြန်ကာလ၌ မန္တလာသီရိဘောလုံးကွင်းအနောက်ဘက် Ocean Supercenter အနီးရှိရေကစားမဏ္ဍပ်နေရာ၊မန္တလေးနန်းတွင်းကျုံးရှေ့သင်္ကြန်မဏ္ဍပ်နေရာများ၊သင်္ကြန်ကာလအတွင်းလူစည်ကားသည့် နေရာများ၊မန္တလေးမြို့၊မြနန်းစံကျော်ရွှေနန်းတော်အား Drone အသုံးပြု၍ Drop Bomb ချတိုက်ခိုက်မှုပြုလုပ်နိုင်ရန် နန်းတော်၏ ၁ မိုင်ပတ်လည်အတွင်းရှိ နေရာ ၃ ခုအားရွေးချယ်ထားသည်တို့ကိုလည်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့်ဖမ်းဆီးရန်ကျန်ရှိသူများအား အမြန်ဆုံးဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here